ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ရက်

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ် ပျူစောထီးနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေသည်မှာ ယနေ့ ဖေဖော်ဝါရီ ၂၀ နေ့နေတွင် ၇ ရက်မြောက် ရှိလာပြီဖြစ်သည်။

စစ်ကောင်စီတပ်နှင့်ပူးပေါင်းအဖွဲ့ အင်အား ၃၀၀ ကျော်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်နေ့က စတင်၍ ရွှေပြည်အေးမြို့အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

“တိုက်ပွဲကတော့ ဖြစ်နေတုန်းပါပဲ။ မြို့ကို တော်လှန်ရေးတပ်တွေက စစ်ကောင်စီ ဘက်က သေဆုံးထိခိုက်တာ များပါတယ်။ ကိုယ့်ဘက်ကလည်း ရဲဘော် တစ်ဦး ကျဆုံးခဲ့ပါတယ်” ဟု မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေပြည်အေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်နေ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက မြို့ကို ပြန်လည်ရယူရန် စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်နေ့ကလည်း စစ်ကောင်စီက ရွှေပြည်အေးမြို့ကို စစ်ကြောင်း ထိုးဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးပြီး ၄၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် အထိနာပြီး ဖေဖော်ဝါရီ ၃ရက်နေ့တွင် တပ်ပြန် ဆုတ်သွားခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီက ရွှေပြည်‌အေးမြို့ကို စစ်ကြောင်းထိုးရာတွင် ယခုတစ်ကြိမ်၌ ရှမ်းနီတပ်နှင့် ပျူစောထီးအဖွဲ့ကိုပါအသုံးပြု၍ စစ်မျက်နှာများစွာဖွင့်လာကြောင်း သိရသည်။

ကောလင်းမြို့ကိုအခြေပြုပြီး စစ်ကောင်စီက ဆုံးရှုံးနယ်မြေများကို ချဲ့ထွင်ကာ ပြန်လည်ရယူရန်ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဗုံးကြဲချတိုက်ခိုက်ခြင်း များကို အကြိမ်များစွာ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

စစ်ရေးအရ အရေးပါပြီး အချက်အချာကျသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီက အမိအရ ပြန်လည်သိမ်းယူလိုနေပြီး စစ်ကောင်စီသည် “တာကိုပိတ်ကာ ရေခပ်ထုတ် သည့်နည်း” သုံး၍ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ရေး လေ့လာ သုံးသပ်တစ်ဦးက ဆိုသည်။

#ဟုမ္မလင်းမြို့နယ် #ရွှေပြည်အေးမြို့ #စစ်ကောင်စီ #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times