
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
စစ်ကောင်စီသတ်မှတ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ပြည်ပ ထွက်ခွာမှုများပြားလာရာ ထိုင်းနိုင်ငံပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရာတွင် အွန်လိုင်း စနစ်စတင်သုံးစွဲမည်ဖြစ်ပြီး သံရုံးရှေ့တွင်လူကိုယ်တိုင် လျှောက်ထားရန် တစ်ပတ်စာ (၇ရက်) ခွင့်ပြုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
ထိုင်နိုင်ငံသံရုံးတွင်ဗီဇာလျှောက်ထားသူ အရေအတွက်များပြားနေသဖြင့် အွန်လိုင်း စနစ်ဖြင့်တစ်လစာတိုကင် ၆၀၀၀ နှင့် လူကိုယ်တိုင်လျှောက်ထားမှုအတွက် သုံးရက်စာ တိုကင် ၆၀၀ ပေးမည်ဖြစ်ကြောင်းသိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်ကာ အွန်လိုင်းမှ တဆင့်ရက်ချိန်းရယူနိုင်ပြီး တစ်ရက်လျှင် တိုကင် ၂၀၀ နှုန်းဖြင့် ရက် ၃၀ အတွက် တိုကင်ကြိုတင်ရယူနိုင်ပြီး တစ်လအတွင်း ဗီဇာရက်ချိန်းရွေးယူနိုင်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လူကိုယ်တိုင်ဗီဇာလျှောက်ထားရာတွင် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အတွင်း တစ်ရက်လျှင် တိုကင်နံပါတ် ၂၀၀ နှုန်းဖြင့် သုံးရက်ပေးမည်ဖြစ်ကြောင်းသိရသည်။
“ အရင်ထိုင်းသံရုံးဗီဇာက သုံးရက်ပဲကြာတယ်။ အခုအခြေအနေက ကြပ်နေတော့ ဒီလထဲလုပ်ရင် နောက်လ ကူးနေပြီ။ တစ်နေ့လူ ၄၀၀ လောက်ပဲလက်ခံတော့ အေးဂျင့် တွေလည်းလူပြည့်တယ်။ ဗီဇာတစ်စောင်ကို ၁၂၀,၀၀၀ လောက်ယူကြတယ်။ အခု တစ်ပတ်အတွက်က ပြည့်ပြီ။ ခရီးသည်တွေလက်ခံရတာလည်း စိတ်ညစ်တယ်” ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လူကိုယ်တိုင်ဗီဇာလျှောက်ထားမှုအတွက် လျှောက်လွှာပမာဏကိုရေတွက်ပြီး အွန်လိုင်း စနစ်တစ်ခုထဲ သုံးစွဲရန်ပြောင်းလဲ သတ်မှတ်နိုင်ခြင်းရှိ၊မရှိကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ် ပြန်ချက် တွင်ပါဝင်သည်။
ထို့ပြင်အွန်လိုင်းမှ ဗီဇာရက်ချိန်းရထားသူများက ဗီဇာရက်ချိန်းစာရွက်ကိုပြသရန် ယူဆောင်လာရမည်ဖြစ်ပြီး လူကိုယ်တိုင်လျှောက်ထားသူများက တိုကင်နံပါတ်တစ်ခု အတွက် လူတစ်ဦးသာအကျုံးဝင်ပြီး လွဲပြောင်းခြင်းမပြုရန်၊ အလွဲသုံးစားလုပ်ခြင်းနှင့် အတုအပလုပ်ပါက ဗီဇာလျှောက်ထားခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ထိုင်းသံရုံး ထုတ် ပြန်ချက်တွင်ပါဝင်သည်။
မြန်မာနိုင်ငံကူးလက်မှတ် ပတ်စပို့ ကိုင်ဆောင်ထားသူများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ရာတွင် ၁၄ ရက် ထက်မကျော်ပါက ဗီဇာလျှောက်ထားရန် မလိုအပ်ပေ။
ထိုသို့ ဆိုက်ရောက်ဗီဇာ ၁၄ ရက် ကင်းလွတ်ဖြင့် ထိုင်းနိုင်ငံအတွင်း လည်ပတ် မည်ဆိုပါက အသွား၊ အပြန် ( Return Ticket) လေယာဉ်လက်မှတ်ပြရမည်ဖြစ်ပြီး နေထိုင်မည့်လိပ်စာအပါအဝင် လူတစ်ဦးချင်းအတွက် show money ဘတ် ၂၀,၀၀၀ နှင့် မိသားစုအတွက် ဘတ် ၄၀,၀၀၀ ပြသရမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ကြေညာထား သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ထိုင်းသံရုံး #ပြည်ဝင်ခွင့်ဗီဇာ #အွန်လိုင်းစနစ် #Ayeyarwaddy_Times