
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
မြန်မာနိုင်ငံမှနေ၍ ထိုင်းနိုင်ငံသို့အတွင်းသို့ ဝင်ရောက်လာသူ များပြားနေခြင်းကြောင့် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်သည့် နေရာများကို ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ အာဏာပိုင်များက လုံခြုံရေး တင်းကျပ်ထားပြီး တရားမဝင်လမ်း ကြောင်းမှနေ၍ ဝင်ရောက်လာသူများ ဖမ်းဆီးခံရမှု အများပြားရှိနေကြောင်း ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်သည့် ခရီးသွားများထံ ကသိရသည်။
မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းမှနေ၍ ထိုင်းနိုင်ငံ မဲဆောက်သို့ ဝင်ရောက်သည့် အမှတ် (၁) တံတားပေါ်တွင် လုံခြုံရေးတွေတင်းကျပ်ထားသလို အောက်လမ်းမှဝင်ရောက်နိုင်သည့် သောင်းရင်း မြစ်တလျှောက်တွင်လည်း ထိုင်းနယ်ခြားစောင့်တပ် ၊ ထိုင်းစစ်တပ် ၊ ရဲ နှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့စုံမှနေ၍ လုံခြုံရေး အထပ်ထပ်ချထားကြောင်းသိရသည်
“မြဝတီ ကနေ မဲဆောက်မြို့ကိုသွားဖို့ အမှတ် (၁) တံတားမှာ တုံးထုပြီး နယ်စပ် ဖြတ်ကျော်ခွင့် ရပေမယ့် စစ်မှုထမ်း ဥပဒေပြဌာန်းလိုက်ပြီး နောက်ပိုင်းမှာ မဲဆောက်ကို ဝင်လာသူ တအားများလာတယ်။ ဒါကြောင့် တံတားပေါ်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားဝင်လာတဲ့သူတွေက မဲဆောက်မှာ နေမယ့်နေရာ၊ သွားလည်မည့်အိမ်တွေကို ပြောပြရတယ်။ သွားရောက်လည်ပတ်နေထိုင်မယ့် အိမ်ပိုင်ရှင်၊ တည်းခိုမယ့် နေရာ ပိုင်ရှင်တွေရဲ့ နေထိုင်ခွင့် အထောင်အထားတွေ ပြပြီး ခေါ်မှ နယ်စပ်ဖြတ်ကျော်ခွင့်ရမယ်။ မပြနိုင်ဘူးဆိုရင် မြဝတီဘက်အခြမ်းကနေ ထိုင်းဘက်အခြမ်းကို ပေးမကူးဘူး” ဟု မြ၀တီမှ မဲဆောက် သို့ ခရီးသွားလာမှုများ ပြုလုပ်နေသူတစ်ဦးက ဧရာဝတီ တိုင်းမ် ကိုပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေရသူမြန်မာနိုင်ငံသား နှစ်သိန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံက သိရသည်။
“အခုက ထိုင်းနယ်စပ်ဖြတ်ကျော်လာတဲ့ လူဦးရေ အရမ်းများပြားလာနေပြီ။ ထိုင်းနိုင်ငံ ထဲကနေ ပြန်မထွက်မှာစိုးလို့ နယ်စပ်ဖြတ်ကျော်တံတားတွေ နဲ့ နယ်ခြားစည်း နယ်စပ်တွေမှာ လုံခြုံရေးတွေကို တင်းကျပ်ထားတယ်။ ထိုင်းဘက်အခြမ်းက ပိုပြီး တင်းကျပ်လာတာမို့ ကမ်းကူသွားလာခွင့်မှာပါ အခက်အခဲ ဖြစ်နေရပြီ” ဟု မြ၀တီမှ မဲဆောက် သို့ ခရီးသွားလာနေသူက ဆိုသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ထိုင်းနယ်စပ်တွင် လုံခြုံရေးချထားစဉ်၊ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ဖမ်းဆီး နေစဉ်
#မြန်မာနိုင်ငံ #ထိုင်းနိုင်ငံနယ်စပ် #ထိုင်းအာဏာပိုင်များ #လုံခြုံရေးတင်းကျပ် #Ayeyarwaddy_Times