အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်အင်အားဖြည့်တင်းနေပြီး စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော်ရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ရှိ ဌာနဆိုင်ရာအကြီးကဲများနှင့် ပြီးခဲ့သည့် ရက်ပိုင်းတွင်း တွေ့ဆုံမူတွင် စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး မြို့ပေါ် လေးရပ်ကွက်မှ တပ်သားသစ် ၁၀၀ ကျော် ကောက်ခံသွားမည်ဟု သိရသည်။

“အဲ့ဒီ ဆွေးနွေမူမှာ တပ်သားသစ်ခေါ်ဖို့ အမျိုးသား၊ အမျိုးသမီး စာရင်းကို လျာထားပြီးပါပြီ။ လူစာရင်းကောက်တာတွေက မရှိသေးဘူး။ အရှေ့ပြင် ရပ်ကွက်က နေရာအချို့မှာ စာရင်းကောက်တယ်လို့တော့ ကြားမိတယ်။ သေချာတော့ မသိရသေးဘူး။ အဲ့လို့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရမှာကို မြို့ထဲက လူငယ်တွေ စိုးရိမ်နေကြတယ် “ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမူတွင် မင်းတပ်မြို့ရှိ အရှေ့ပြင်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်၊ အနောက်ရပ်ကွက်နှင့် စံပြရပ်ကွက်မှ အမျိုးသား၊ အမျိုးသမီးများ တပ်သားသစ်ခေါ်ယူမူ စာရင်းများကို စုဆောင်းထားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ မင်းတပ်မြို့ နယ်မြေခံတပ်ရင်း ခလရ ၂၇၄ တပ်ရင်းသို့ မတူပီမြို့ရှိ စစ်ကောင်စီ ခလရ ၃၀၄ တပ်ရင်းနှင့် ခလရ ၁၄၀ တပ်ရင်းမှ ဖေဖော်ဝါ ၁၇ ရက်နေ့တွင် ထောက်ပို့ရဟတ်ယာဥ်ဖြင့် နှစ်ကြိမ်ခန့် တပ်အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

“ထောက်ပို့ရဟတ်ယာဥ် နှစ်စီးနဲ့ စစ်အင်အားလာဖြည့်သွားတာဖြစ်တယ်။ စစ်တပ်က မြို့ထဲ နေရာတော်တော်များများမှာ ကင်းပုန်း၊ ဘန်ကာတွေ အခိုင်မာတည်ဆောက်ထားပြီး လုံခြုံရေးလည်း ချထားတယ်။ အခြေနေက ဘာတွေဖြစ်လာမလဲ မသိသေးဘူး။ ဒေသခံတွေက အခုလို စစ်အင်အားတွေ အများကြီးဖြည့်လာတာ အဖမ်းဆီးတွေ များလာမှာကို ကြောက်လန့်နေကြတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတိီတိုင်းမ်ကို ပြောသည်။

အလားတူ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မတူပီမြို့မှ ထောက်ပို့ရဟတ်ယာဥ် နှစ်စီးဖြင့် မင်းတပ်မြို့သို့ ထပ်မံ အင်အားဖြည့်တင်းနေပြီး ယခုကဲ့သို့ စစ်ကောင်စီ၏ တပ်အင်အားဖြည့်တင်းလာမူသည် ဒေသခံများကို အဖမ်းဆီးပိုများလာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် ချင်းအမျိုးသားတပ်ဦး(CNF)က ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တိုက်တွန်းထားသည်။

#မင်းတပ် #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်ကောင်စီ #ချင်းအမျိုးသားတပ်ဦး #CNF #Ayeyarwaddy_Times