ဧရာဝတီတိုင်းမ်
(မြောင်းမြ) ဖေ‌ဖော်ဝါရီ ၂၀ ရက်

စစ်ကောင်စီသည် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများနှင့် စစ်ပြေးများကို ရာထူးနှင့် လစာပေးမည်ဟု ပြောဆိုပြီး ပြန်လည်စစ်မှုထမ်းဆောင်ခိုင်း နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ယခု ဖေဖော်ဝါရီလအတွင်းတွင် စစ်မှုထမ်းဟောင်းများနှင့် စစ်ပြေးများနေအိမ်များကို စာများပေးပို့၍ လစာပေးမည်၊ ရာထူးပေးမည်ဟုစည်းရုံးကာ တာဝန်ပြန်လည်ထမ်းဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ (စစ်မှုထမ်းဟောင်းနှင့်စစ်ပြေးများ) အိမ်တွေကို စာတွေပို့ပြီး စည်းရုံးကြတယ်။ စစ်ပြေးဖြစ်လို့ ထောင်ကျဖူးရင်၊ ရာဇဝင်ဖျက်ပေးမယ်။ ပိုက်ဆံလည်းပေးမယ် ပြောတယ်။ သက်ကြီး စစ်မှုထမ်းဟောင်း တွေကို ဘဏ်တွေမှာ စောင့်ခိုင်းမယ်။ အဝင်အထွက်ဂိတ်တွေမှာ ထားပေးမယ်လို့ပြောတယ်။ အခုနယ်ဘက်မှာလည်း အုပ်ချုပ်ရေးမှူးတွေ အဖွဲ့ကလည်း စစ်မှုထမ်းဖို့ ခြိမ်းခြောက်ပြီး အတင်းအကျပ် မဲနှိုက်ခိုင်းနေတယ်”ဟု မြောင်းမြမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မြောင်းမြမြို့နယ်၊ ကံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဇနီးနှင့် ဒေါ်ရီရီမြင့် တို့က ရွာသားများကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းပြီး စစ်မှူမထမ်းချင်ဘူးဟု ပြောဆို သူများကို တန်းစီ၍ ပါးရိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာအပါအဝင် အနီးရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ စစ်မှုထမ်းရန်မဲနှိုက်ခိုင်းပြီး မဲမနှိုက်ချင်သည့် ဒေသခံများကို တစ်ဦးလျှင် ငါးသိန်း (၅၀၀,၀၀၀) ကျပ်ပေးရမည်ဟု ပြောဆိုမှုရှိကြောင်း ဒေသခံများ ထံကသိရသည်။

လက်ရှိ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင် မအူပင်ခရိုင်၊ ဖျာပုံခရိုင်ရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် မဲနှိုက်ခိုင်းခြင်းများနှင့်အတူ စာရင်းများ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက စစ်မှုထမ်းဥပဒေကို အတည်ပြု၍ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ စိုးရိမ်စိတ်များ မြင့်တက်လျက်ရှိနေသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ လူငယ် အများစုသည် ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာကြပြီး ပတ်စပို့စ် လျှောက်ထားသူ ပိုမို များပြားလာကြောင်း စုံစမ်းသိရှိရသည်။

#မြောင်းမြတွင် #စစ်မှုထမ်းဟောင်း #စစ်ပြေး #ရာထူးပေးမည် #စစ်မှုပြန်ထမ်းခိုင်း #Ayeyarwaddy_Times