ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ပင်လယ်ခရီးသွား ကော့သောင်းကျွန်း ခရီးစဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Adventure Behind Kawthaung က ခရီးစဉ်အားလုံးကိုအကန့်အသတ်မရှိရပ်နားကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

လက်ရှိဆောင်းရာသီနှင့်နွေရာသီသည် ကျွန်းများကိုလည်ပတ်ရန်အကောင်းဆုံးအချိန်ဖြစ်ပြီး ပြည်တွင်းခရီးသွားအနည်းစုနှင့် ထိုင်းနိုင်ငံမှခရီးသွားများ အများဆုံးလည်ပတ်လေ့ရှိပြီး ယခုနှစ်တွင် ခရီးသွားနည်းပါးကြောင်း ခရီးသွားအေဂျင်စီများထံက စုံစမ်းသိရသည်။

ပြည်တွင်း ခရီးသွားများအနေဖြင့် ကော့သောင်းမြို့ကိုလေကြောင်းလိုင်း အသုံးပြုပြီးမှသွားလာနိုင်၍ ခရီးစရိတ်များပြားခြင်း၊ လမ်းခရီးဝေးသည့်အပြင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ခရီးသွားနည်းပါးကြောင်းသိရသည်။

“ ပြီးခဲ့လကအထိ ကော့သောင်းကျွန်းပတ် ခရီးစဉ်ကိုစိတ်ဝင်စားကြတယ်။ ဒါပေမဲ့အသွားနည်းတယ်။ အသွားအပြန် လေယာဉ်နဲ့သွားမှရတာမလို့။ စရိတ်ကြီးတယ်။ တစ်ယောက်အနည်းဆုံး ကုန်ကျစရိတ် ၁၅ သိန်းလောက်ရှိတယ် ” ဟု ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြိတ်ကျွန်းစုတွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ရှိပြီး သူဌေးကျွန်း၊ ဇာဒတ်ကြီးကျွန်း မြင်းခွာကျွန်း၊ စေတန်ကျွန်းနှင့် အသည်းပုံကျွန်းတို့ကို ခရီးသွားအများဆုံး သွားရောက်လေ့ရှိကြောင်းသိရသည်။

ထို့ပြင်မြိတ်မြို့မှ လေကြောင်းနှင့်ကုန်းကြောင်းခရီးသွားစဉ်အတွက်လက်မှတ်ဝယ်ယူရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာလိုအပ်ကြောင်း လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ဖေဖော်ဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လက်ရှိတနင်္သာရီတိုင်းအတွင်း တနင်္သာရီမြို့နယ်နှင့် မြိတ်ခရိုင်၊ ပုလောမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးအရှိန်တင်းမာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနှင့်မြန်မာနိုင်ငံသားခံယူထားသူ Grand Andaman သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင် (ခ) ဦးအလီကို ငွေကြေးခဝါချမှု၊ တရားမဝင်လောင်းကစားများပြုလုပ်ခြင်းများအပါအဝင် တရားမဝင်ငွေကြေးများကို ပြောင်းလဲသုံးစွဲကြောင်းစွပ်စွဲချက်ဖြင့် နှစ်နိုင်ငံ၏ဖမ်းဝရမ်းထုတ်ခြင်းခံရသည်။

ထိုသို့ ဖမ်းဝရမ်းထုတ်ခံရသူ သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီဖြစ်သူကို ဦးနောင်ပိန်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသက်သေဆုံးသည့်အထိ နှိပ်စက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ပိုင်းတွင် ကောင့်သောင်းမြို့နှင့်နယ်နမိတ်ခြင်းနီးစပ်သော ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် ထိုင်းလူမျိုးခရီးသွားဧည်သည်များက ကျွန်းခရီးစဉ်များကိုအများဆုံးလည်ပတ်လေ့ရှိကြောင်း ခရီးသွားလုပ်ငန်းများထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကော့သောင်း #ခရီးစဉ်ရပ်နား #သူဌေးကျွန်း #Grandandaman #ပိုင်ရှင်ဦးကျော်လွင် #ဖမ်းဝရမ်းထုတ်ခံရ #ဦးနောင်ပိန် #စစ်ကောင်စီတပ်သတ်ဖြတ် #Ayeyarwaddy_Times