
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
ရှမ်းမြောက်၊ လောက်ကိုင်မြို့နယ်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တစ်ခုလုံး မဟာမိတ်အဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် သုံးဦးကို စစ်ကောင်စီ တရား ရုံးက သေဒဏ်ချမှတ်လိုက်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
လောက်ကိုင် ဒကစ တစ်ခုလုံး လက်နက်ချပြီးနောက် ညီနောင် မဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်အရာရှိများ တောင်းဆိုထားသည့်အတိုင်း ၎င်းတို့ကို လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီက တာ၀န်ရှိသည့် ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးအပါအ၀င် ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် လောက်ကိုင်ဒေသကွပ်ကဲရေးမှူးဟောင်း မိုးကျော်သူ၊ အမှတ် (၅၅) ခြေမြန် တပ်မဌာနချုပ် တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဇော်မျိုး၀င်းနှင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ်ဟောင်း အောင်ဇော်လင်းတို့ကို စစ်ကောင် စီက သေဒဏ်ချမှတ်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အင်းစိန် ထောင်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
၎င်းတို့ အရှေ့တွင် ပြစ်ဒဏ်ချခံထားရသည့် ကိုးကန့် ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဗိုလ်မှူးချုပ်ဟောင်း ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဒကစမှူး ဗိုလ်မှူးကြီး ဟောင်း ကျော်မိုးလွင်နှင့် အမှတ် (၁၆) ခြေလျင်တပ်မဟာမှူး ဗိုလ်မှူးချုပ်ဟောင်း သော်ဇင်ဦးတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလကတည်းကပင် အင်းစိန် ထောင်အတွင်းသို့ ခွဲပြောင်းပို့ဆောင်ထားကြောင်း သိ ရသည်။
ထပ်မံပို့ဆောင်ခံရသည့် ဗိုလ်မှူးချုပ် သုံး ဦးကို အင်းစိန် ထောင်၏ အထူးဆောင် ၁၀ ခန်းတွဲတိုက်၊ အခန်းအမှတ် ၁၊ ၂၊ ၄ တို့တွင် သီးခြားစီချုပ်နှောင်ထားရှိကြောင်း စုံစမ်းသိရသည်။
ကိုးကန့်ဒေသဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ထွန်းထွန်းမြင့်ကိုမူ ဒိုက်ဦးထောင်သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ခဲ့ပြီး ၎င်းတို့ ခြောက်ဦးလုံးကို သေဒဏ်အဖြစ်ချမှတ်ထား ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က လောက်ကိုင် ဒကစတစ် ခုလုံး လက်နက်ချခဲ့ သည့်ဖြစ်စဉ်တွင် အထက်အရာရှိ အဆင့်ဆင့်ကို တင်ပြ၍လက်နက်ချခွင့် တောင်းခံပြီးမှ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက အရှက်ရဖွယ်ကောင်းစွာဖြင့် စစ်စခန်းများကို စွန့်လွှတ်သည်ဟုဆိုကာ တာ၀န်ရှိသူ ခြောက်ဦးလုံးကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လောက်ကိုင်ဒကစ လက်နက်ချချိန်တွင် စစ်ကောင်စီ ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မိသားစုများ၏ အသက်အန္တရာယ်ကို ရှေ့ရှူပြီး လောက်ကိုင်ကို လက်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုးရမခ) သို့ ပြန် လာသည့် အရာရှိ ခြောက်ဦးလုံးကို အရေးယူခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် သုံး ဦးကို တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (က)ပါ မိမိအားလွှဲအပ်ထားသော သို့တည်းမဟုတ် မိမိ ကာကွယ်ခုခံရန် တာ၀န်၀တ္တရားရှိသော မြို့စောင့်တပ် စခန်း၊ ခံတပ်၊ တာ၀န်ကျနေရာ၊ သင်္ဘော သို့တည်း မဟုတ် ကင်းတစ်ခုခုကို ရှက်ဖွယ်ကောင်းစွာစွန့်ပစ် လျှင် သို့တည်းမဟုတ် ပေးအပ်လျှင် သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတစ်ခုခုကိုကျူးလွန်ရန် တပ်မှူးတစ်ဦးဦးအားသော်လည်းကောင်း အခြားသူ တစ်ဦးဦး အားသော်လည်း အတင်းအကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြား ယောင်ရန်ဖြစ်စေ မည်သည့်နည်းမျိုးကိုမဆို အသုံးပြုလျှင် သေဒဏ်ထိုက်သည်ဟုဆိုကာ စစ်ခုံရုံး၌ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် လက်နက်ချ အညံ့ခံခဲ့သည့် အရာရှိ ငါးဦးကို အင်းစိန်ထောင်တွင် အသီးသီးချုပ်နှောင်ထားပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကိုမူ မည်သည့်အကြောင်းကြောင့် ဒိုက်ဦးထောင်သို့ လွှဲပြောင်းချုပ်နှောင်ခြင်းဖြစ်သည်ကို အသေးစိတ် သိရှိရခြင်း မရှိပေ။
ပုံစာ- လောက်ကိုင်ဒကစမှ လက်နက်ချခဲ့သည့် စစ်တပ်အရာရှိများ၊ လောက်ကိုင်ဒကစ
#လောက်ကိုင် #ဗိုလ်မှူးချုပ်၆ဦး #အင်းစိန်ထောင်# သေဒဏ် #တစ်သက်တစ်ကျွန်း #ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် #ဒိုက်ဦးထောင် #ပြောင်းရွှေ့ #Ayeyarwaddy_Times