ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဖေဖော်ဝါရီ ၁၉ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ တို့ ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လေးကြိမ်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ခန့် ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း၊ ခါချဥ် တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီအင်အား ၄၀ ကျော်ကို နံနက်ပိုင်းတွင် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့သေဆုံးပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ‌အင်အား ၂၅ ဦးပါဝင်သည့် စစ်ကောင်စီတပ် ဖောကားကို ၄၀-မမ များဖြင့် ထပ်မံ၍ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၀ ဦး ထပ်မံသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခါချဉ်တောင်က ကျွန်တော်တို့ စခန်းကို တက်လာတာ။ အဲ့တာကို ကြားရတော့ ဖျက် အားပြင်းမိုင်းတွေကြိုထောင်ထားတာ။ မိုင်းကွင်းထဲရောက်တော့ အပြန်အလှန် ပစ်ခတ် ရင်းနဲ့ ကျကုန်တယ်။ သူတို့အလောင်းကောက်ဖို့ စစ်ကူလာတော့ အဲ့ဒီစစ်ကူတွေကို ထပ်ခါ ထပ်ခါပစ်ရင်းနဲ့ သေဆုံးတာတွေများကုန်တယ်။ တိုက်ပွဲထဲမှာ ထူးခြားတာ တစ်ခုက စစ်ကောင်စီတပ်သား ငါး ယောက်က လက်နက်‌တွေယူပြီး ထွက်ပြေးသွား တယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက ပြန်ကြားရတာ ရှိတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) ၊ တပ်ခွဲ-၅ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်တပ်ဖွဲ့ဝင်များ၏ ဆီးကြိုတိုက်ခိုက်မှုကြောင့် အထိနာနေသည့် စစ်ကောင်စီ တပ်ဖွဲ့သည် ညနေပိုင်းတွင် ထပ်မံ၍ စစ်ကြောင်းထိုးလာရာ နှစ်ဖက်တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ပြီး တပ်သား ငါးဦး ထပ်မံသေဆုံးပြီးနောက် ညပိုင်းတွင်လည်း ထပ်မံမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမှာ ကျွန်တော်တို့တပ်ရင်းက ရဲဘော်ကုလား ဆိုတဲ့တစ်ယောက် ကျဆုံးခဲ့ရတယ်။ ကျွန်တော်တို့ဘက်ကလည်း လက်နက်ခဲယမ်းအခြေအနေအရ စစ်ကောင်စီအဖွဲ့တွေရဲ့ လက်နက်တွေကို သွားမကောက်နိုင်လိုက်ဘူး။ ညပိုင်းမှာတော့ စစ်တပ်က အလောင်းအကုန်လာပြန်ကောက်သွားတယ်။ အခုကသေဆုံးလဲများတော့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါ ပါလာကြတယ်လို့ယူဆယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

ယခုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိနာခဲ့သည့်အတွက် မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းအတွင်း အင်အား ၃၀၀ ဝန်းကျင်ခန့် ထပ်မံအင်အားဖြည့်တင်းထားပြီး ပဲခူးရိုးမအတွင်း ဖောကားများဖြင့် အင်အားပို့ဆောင်နေသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ ထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ပဲခူးရိုးမအစပ်ရှိ မင်းလှဆည်တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅
#မင်းလှ #စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံး #ထိတွေ့တိုက်ပွဲ #စစ်ကြောင်းထိုးလေးကြိမ် #Ayeyarwaddy_Times