
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းတုန်ကျေးရွာမှ မြိုတိုင်းရင်းသား ငါးဦးသည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်မှ ဖားကန့်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်သည့် မြိုတိုင်းရင်းသား ငါးဦးသည် ဖေဖော်ဝါ ၁၆ ရက်နေ့၊ မနက် ၉ နာရီခန့်တွင် မိုးကောင်းမြို့အထွက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ ဖုန်းနှင့် မှတ်ပုံတင်များကို စစ်ဆေးရာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“မိုးကောင်းအထွက် စစ်ဆေးရေးဂိတ်မှာ ဖုန်းနဲ့ မှတ်ပုံတင် စစ်ဆေးရင်း ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဖမ်းခံရတုန်းက ငါးယောက်ဖြစ်ပါတယ်။ အဲ့မြို့က နယ်မြေခံ တပ်ရင်းထဲရောက်မှ အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ယောက်ကို မှတ်ပုံတင်ထုတ်ပြီး အသက်နဲ့ နာမည် ခေါ်ပြီး ပြန်လွတ်ပေးတယ်။ ကျန်တဲ့ လေးယောက်ကို စစ်ဆေးစရာရှိသေးတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် ငါးဦးထဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦးကို ပြန်လွှတ်ပေးပြီး ကျန်ရှိသည့် အသက် ၁၈ နှစ်မှ ၂၉ နှစ်အရွယ် လူငယ် လေးဦးကို ယနေ့ထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားဆဲဟု သိရသည်။
အဆိုပါ လူငယ် လေးဦးသည် မောင်နောဧ၊ မောင်နေမျိုးဌေး၊ မောင်နေမင်းကျော်နှင့် မောင်ကျော်ကျောနိုင် တို့ဖြစ်ပြီး ၎င်းတို့ကို မိုးကောင်းနယ်မြေခံ စစ်ကောင်စီ၏ ခမရ ၃၈၁ တပ်ရင်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ မိသားစုဝင်များနှင့် အဆက်သွယ်ပြတ်နေကြောင်း သိရသည်။
#ရခိုင်ပြည် #ကျောက်တော် #မြိုလူမျိုး #မိုးကောင်းမြို့ #စစ်ကောင်စီ #ခမရ ၃၈၁#ဖမ်းဆီးထိန်းသိမ်း #Ayeyarwaddy_Times