
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်၊ ပျူစောထီးတပ်ဖွဲ့များနှင့် ရှမ်းနီတပ်မတော် (SNA) တို့က ထိုးစစ်ဆင်၍ ၀င်ရောက်တိုက် ခိုက်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်၍ အင်အား ၃၀၀ ခန့်ပါ၀င်သည့် စစ်ကောင်စီပူးပေါင်းတပ်များသည် ရွှေပြည်အေးမြို့သို့ ထိုးစစ်ဆင်၀င်ရောက်တိုက် ခိုက်လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
“ပြီးခဲ့တဲ့အပတ်ကမှ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ် သွားတာ။ အဲဒီတုန်းကလည်း အင်အား ၂၀၀ ကျော်သုံးလာတယ်။ ခုလည်း အင်အား ၃၀၀ ကျော်သုံးပြီး ထိုးစစ်ပြန်စလာတာ။ ဒီနေ့နဲ့ဆို ခြောက်ရက် ရှိပြီ” ဟု မြို့ နယ်ကာကွယ်ရေး တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ရွှေ ပြည်အေးမြို့တွင် နှစ်ဖက် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်မှာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ၆ ရက်မြောက်အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ရွှေပြည်အေးမြို့သို့ ထိုးစစ်ဆင်၀င် ရောက်တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်ဖွဲ့များမှ လည်း ဟုမ္မလင်းမြို့နယ် တော်စီရွာရှိ စစ်ကောင်စီ စခန်းကို ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်ကောင်စီ၏ စခန်းကုန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ သေဆုံးမှုများသည့်အတွက် Mi-2 ရဟတ်ယာဉ်ဖြင့် စစ်ကူများပေးပို့လျက်ရှိပြီး ဇီးပင်သာရွာကို မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဟုမ္မလင်း မြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ထိုးစစ်ဆင်၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅ ဦးသေဆုံး ကာ ၄၀ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည့်အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် တပ်ပြန်ဆုတ် သွားခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် နို၀င်ဘာ ၂၃ ရက်နေ့က ရွှေပြည်အေးမြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး မြို့ကိုအပြီးတိုင်ထိန်း ချုပ်နိုင် ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့မှ တစ်ဦး ကျဆုံးထားကာ စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူများအပြင် ဒရုန်းဗုံးများဖြင့်ပါ ပါကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#စစ်ကိုင်း #ဟုမ္မလင်း #ရွှေပြည်အေး #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ပွဲဖြစ် #ထိုးစစ်ဆင် #Ayeyarwaddy_Times