မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

စီခမ်းကြီး ဗျူဟာစခန်းကို ယနေ့ နံနက် ၁၁ နာရီတွင် လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရက္ခိုင့်တပ်တော် (AA ) ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဒီစခန်းကြီးက အတော်ကိုဗျူဟာကျတဲ့စခန်းကြီးပါ။ ရှမ်းမြောက်နဲ့ ကချင်အစပ်မှာရှိတဲ့စခန်းပါ။ လေယာဉ် နဲ့လည်း တောက်လျှောက်ပစ်နေတာ။ အခုတော့ စခန်းကို ရပါပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KIA ပူး ပေါင်းတပ်ဖွဲ့သည် စီခမ်းကြီးဗျူဟာစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်က ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက စခန်းမကျစေရေးအတွက် လေ ကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် မံစီမြို့နယ်ရှိ ဒေသခံ ငါး ဦးသေဆုံးပြီး ၃၀ ကျော်ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန် ထားသည်။

အဆိုပါ စီခမ်းကြီးစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ရှိပြီး ဗျူဟာမှူးကိုယ်တိုင် ထိန်းချုပ်ကွပ်ကဲနေသည့် ဗျူဟာစခန်းဖြစ်ကြောင်း သိရသည်။

နှစ်ရက်တာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူ ရာဂဏန်း၀န်းကျင်ရှိကာ လက်နက်ခဲ ယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှလာရောက် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့တစ်ရက်ထဲ၌ပင် ဂျက်ဖိုက်တာများနှင့် Y- 12 ၊ Y -8 လေယာဉ်မျိုးစုံအသုံးပြု၍ တိုက်ခိုက်နေသော်လည်း KIA ပူး ပေါင်းတပ်ဖွဲ့များက စီခမ်းကြီး ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ပုံစာ- ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ၁၈ ရက်အတွင်း စစစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စီခမ်းရွာ စာသင်ကျောင်းနှင့် လူနေအိမ်အဆောက်အအုံများ ပျက်စီးသွားသည်ကို တွေ့ရစဉ်
#ကချင် #ဗန်းမော်ခရိုင် #မံစီ #စစ်ကောင်စီစခန်း #စီခမ်းကြီးဗျူဟာစခန်း #KIA #ပူးပေါင်းတပ်ဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times