ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ဧရာ၀တီတိုင်းနှင့် ရခိုင်ပြည်နယ် ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်များနှင့်ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်ကမ်းခြေများတွင် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလဒုတိယပါတ်ကစတင်ပြီး အမြှောက်များပစ်ခတ်လေ့ကျင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေသောင်ယံမြို့က တပင်မှော်ကျေးရွာမှာ တစ်နေ့ကိုအမြှောက်၁၀ချက်ကျော် ပစ်ခတ်လေ့ကျင့်နေတာ ကြားနေရတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ငပုတောမြို့နယ် မော်တင်စွန်းအနီး ရှိ ထိပ်စွန်း စခန်းတွင် လည်း ဖေဖော်ဝါရီ ၈ရက်နေ့က စစ်ကောင်စီ တပ်သားများ အမြှောက်ပစ်ခတ်ရန် လေ့ကျင့်မှုများပြုလုပ်နေကြကြောင်းဒေသခံများ ထံမှသိရသည်။

လက်ရှိတွင်စစ်ကောင်စီတပ်များမှ ရေကြည်၊ ကြံခင်း၊မြန်အောင်၊အင်္ဂပူမြို့နယ်များမှ ရခိုင်ရိုးမအစပ်တွင် နေထိုင်သောပြည်သူများကို တောအတွင်း သစ်၊ဝါးခုတ်ယူခြင်းမပြုရန်နှင့် တောအတွင်းနေထိုင်ပြီး လုပ်ကိုင်စားသောက် နေသူများကို ရွာကိုပြန်လာနေရန် အကြောင်းကြား နှင်ထုတ်နေခြင်း​ကြောင့် ဒေသခံများ အနေဖြင့် မတရားဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းအချို့က်ို ရခိုင့်တပ်တော်AAမှသိမ်းယူနေပြီးနောက်ပိုင်း PDFများနှင့် ပူးပေါင်းကာရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်လာမည်ဟု သတင်းများကြောင့်ယခုကဲ့သို့ လုံခြုံရေးများတိုးမြှင့်ကာ အမြှောက်လက်နက်ကြီးများပြင်ဆင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုသည်။

#ဧရာ၀တီတိုင်း #ရခိုင်ပြည်နယ် #ထိစပ် #စစ်ကောင်စီ #အမြှောက်များပစ်ခတ်လေ့ကျင့် #Ayeyarwaddy_Times