ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
လာမည့်ပညာသင်နှစ် ၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် ရန်ကုန်မြို့အပါအဝင်မြို့ကြီးများရှိ ပုဂ္ဂလိကကျောင်းအများစု၏ ကျောင်းလခဈေးနှုန်းနှင့် ကျောင်းဝင်ကြေးဈေးတက်မည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
လက်ရှိတွင်ကျောင်းအများစုက ကျောင်းလခဈေးတက်မည့်အကြောင်း ကြိုတင်ကြေညာထားပြီး တချို့ကျောင်းများက ကျောင်းလခဈေးတက်မည့်အကြောင်း တရားဝင်ထုတ်ပြောခြင်း မရှိသေးကြောင်း သိရသည်။
ကျောင်းအများစုသည် KG တန်းမှစကာ Grade တန်းအလိုက်ဈေးတက်ပြီး ပုဂ္ဂလိကကျောင်းအများစုသည် ကျပ် ငါးသောင်းမှ တစ်သိန်းနှင့် တစ်သိန်းခွဲကြား ကျောင်းလခဈေးတက်ကြောင်းသိရသည်။
” အခုချိန်မှာဈေးတက်တာတော့ မိဘတွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့။ ပုဂ္ဂလိကကျောင်းတွေက နဂိုကတည်းက ဈေးကြီးတယ်။ ဈေးမသေးတဲ့ကြားထဲက မိဘတွေကထားထားရတာ။ ကျောင်းတွေမှာ အခွန်တွေရှိတော့ ဒီဘက်ခေတ်စရိတ်နဲ့ ကာမိအောင် ဆရာမတွေ ကိုလစာတိုးပေးရတော့ ကျောင်းလခတိုးကောက်တယ်လို့ထင်တယ် ” ဟု လုဗ္ဗနီပုဂ္ဂလိကကျောင်းတွင် အပ်နှံထားသည့် ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
လက်ရှိစာသင်နှစ်မပြီးဆုံးသော်လည်း လာမည့်စာသင်နှစ်အတွက် ကျောင်းအပ်လက်ခံကာ ကျောင်းလခတိုးတောင်းမှုများ ရှိပြီး ကျောင်းဝင်ခွင့်ဖောင်ပေးရာတွင် စာတော်သော ကျောင်းသားများကိုသာ ဦးစားပေးကြောင်း ကျောင်းသားမိခင်တစ်ဦးက ပြောကြားသည်။
“ကျောင်းအများစုဈေးတက်မယ်လို့သိရတယ်။ တချို့ကျောင်းတွေက NIEC တို့ အခြားကျောင်းတွေက တက်ဈေးကြေညာထားပြီ။ အိမ်က သမီးတက်တဲ့ကျောင်းက တက်မယ်ပြောတယ်။ နှုန်းထားတော့ မသိရသေးဘူး ” ဟု ရန်ကုန်မြို့ခံကျောင်းသားမိခင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပုဂ္ဂလိကကျောင်း #စစ်ကောင်စီ #ပညာရေဝန်ကြီးဌာန #ဒေါက်တာညွန့်ဖေ #privateschool #Ayeyarwaddy_Times