ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၈ ရက်)
ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ နွေရဲ့ အပူကလည်း တစ်နှစ်ထက် တစ်နှစ် ပိုကဲလာပါတယ်။ တိုင်းပြည်က စစ်မက်ပဋိပက္ခ ကြုံတွေ့နေရပြီး နေစရာအိမ်တွေမီးရှို့ခံထားရသလို အရိပ်ရအပင်ကြီးတွေလည်းပျက်စီးကုန်တာမို့ စစ်မက်ဖြစ်ပွားရာနေရာတွေဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက လွင်တီးခေါင် မီးလောင်ပြင်တွေ ဖြစ်လိုနေတော့တယ်။
စစ်ဖြစ်ပွားရာ နေရာဒေသ အသီးသီးက ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ရဲ့ရင်တွေလည်း နွေလိုပူနေကြရပါတယ်။ အပူဒဏ်ကြောင့် နေမကောင်းဖြစ်နိုင်ပြီး အဖိုးအဖွားနှင့် ကလေးငယ်တွေမှာတော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ နွေအပူကြောင့်ကျန်းမာရေးမထိခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားရပါတော့မယ်။
အပူချိန်တွေတိုးလာတာနဲ့အတူ လေထုထဲမှာရေငွေ့ကုန်ခမ်းခြောက်သွေ့သွားပြီး စိုထိုင်းစတွေနည်းသွားပါမယ်။ ကိုယ်ခန္ဓာထဲကိုအပူရှိန်တွေ စီးဝင်ပြီးတော့ လူတိုင်းနွေအပူကို ခံစားရပါတော့မယ်။
ခန္ဓာကိုယ်အပူချိန်တိုးလျက် ချွေးတွေထွက်ပြီး အရေပြားစိုထိုင်းဆများစေပါတယ်။ ချွေးတွေအငွေ့ပြန်တဲ့အခါလူကိုယ်က အေးမြခြင်းကိုခံစားရပါမယ်။ အရည်နဲ့ ဓာတ်ဆားတွေကို ချွေးမှစွန့်ထုတ်လိုက်ရတာကြောင့် ကုန်ခမ်းသွားသမျှ ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်ကို နွေအခါမှာသောက်သင့်ပါတယ်။
နေပူပူမှာ အလုပ်လုပ်ကြရသူတွေဟာ အပူလွန်ကဲတဲ့နွေရာသီမှာ ခြေလက်တွေနာကျင်ကိုက်ခဲပြီး အပူဒဏ်ကြောင့် ကြွက်တတ်ခြင်းကြုံရပါတယ်။ (Heat cramps) အပူဒဏ်ကြောင့် ကြွက်တက်ခြင်း ဆိုတာ ခန္ဓာကိုယ်ထဲမှာရေနဲ့ ဓါတ်ဆားတွေစတင်နည်းပါးတာကိုပြနေတာပဲ ဖြစ်ပါတယ်။ ခြေထောက်နဲ့ ဝမ်းဗိုက် ကြွက်သားတွေတောင့်တင်းပြီး ကြွက်တက်ပါတယ်။ အဲ့ဒီလို အခါမျိုးမှာ အရိပ်အောက်မှာ ခဏနားနေပြီး ဓာတ်ဆားရည်သောက်သုံးရပါမယ်။
#စိုးရိမ်စရာရှေ့ပြေးလက္ခဏာများ
ချွေးထွက်လွန်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အသက်ရှူမြန်လာခြင်း၊ ဂဏှာမငြိမ်ဖြစ်လာခြင်း၊ မူးဝေခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနဲ့ကြွက်သားနာကျင်ခြင်းတွေ ကြုံတွေ့လာပြီးဆိုရင် အပူကြောင့်ကျန်းမာရေးထိခိုက်ခြင်းစတင်နေပါပြီ။ (Heat Exhaustion) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခံစားနေရသူကို မကုသပါက (Heat stroke) အပူဒဏ်ကြောင့် သတိလစ်ပြီး သေဆုံးသွားနိုင်ပါတယ်။
(Heat Exhaustion) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ဆိုတာ အန္တရာယ်အခြေအနေဆိုပေမယ့် အပူဒဏ်ကို ကောင်းကောင်းပြန်တုံ့ပြန်နိုင်သေးတဲ့အခြေအနေပါ။
အရိပ်ရ ရေငွေ့ရှိပြီး အေးတဲ့နေရာမှာ လူနာကိုထားရပါမယ်။ အဝတ်အထူထူ ပူပူတွေချွတ်ရပါမယ်။ လေဝင်လေထွက်ကောင်းတဲ့ အပူမစုပ်ယူတဲ့ အဝတ်ပါးပါးတွေ ဝတ်ဆင်ပေးပါ။ရေနဲ့ဓါတ်ဆား ပြန်ဖြည့်ပေးရပါမယ်။ဓာတ်ဆားရည်ဖြစ်ဖြစ် ဆေးရည်သွင်းကုသတာဖြစ်ဖြစ် လိုအပ်ပါပြီ။
#အပူဒဏ်ကြောင့် သတိလစ်ခြင်း ((Heat stroke)
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) ဆိုတာ ခန္ဓာကိုယ်ကပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိနိုင်တော့တဲ့အထိ ဆိုးရွားပြင်းထန်ထိခိုက်ခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ အပူချိန်ကို မထိန်းနိုင်တော့ပါဘူး။ အသက်အန္တရာယ်စိတ်အပူရဆုံး အစိုးရိမ်ရဆုံး အခြေအနေဆိုတာကို အဖျား ၁၀၃ ဒီဂရီ ဖာရင်ဟိုက်နှင့်အထက် ခြစ်ခြစ်တောက် ကိုယ်ပူခြင်းက သက်သေခံနေပါတယ်။ အပူချိန်ကို ပြန်ထိန်းညှိပေးဖို့ ချွေးလုံးဝမထွက်နိုင်တော့ပါ။ စိတ်ရှုပ်ထွေး သွေးခုန်နှုန်းမြန် သတိလစ်ပြီး မှန်ကန်တဲ့ကုသမှုမရပါက သေဆုံးနိုင်ပါတယ်။
ဦးစားပေးကုသရမယ့် အရေးပေါ်အခြေအနေဖြစ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အရိပ်ရှိ အေးတဲ့နေရာမှာ ထားရပါမယ်။ သတိရှိနေသေးရင် ဓာတ်ဆားရည် ဝင်နိုင်သမျှဝင်အောင်တိုက်ရပါမယ်။ အရည်ဓာတ်ဆား ဆေးရည်ကို သွင်းပြီးကုသရပါမယ်။ အဖျားကျဖို့ ရေပတ်တင်ရပါမယ်။ နဖူး လည်ပင်း ချိုင်းကြား ပေါင်ခြံကြားတွေကို ရေပတ်တင်ထားရပါမယ်။ သက်သာတဲ့အချိန်ထိ မရပ်မနားကုသပေးရပါမယ်။
မကြာခင်ကာလမှာ နွေရဲ့အပူဒဏ်ကို ရင်ဆိုင်ရတော့မှာမို့ ဓာတ်ဆားထုတ်များ၊ Normal saline ဆေးရည်ပုလင်းများ စုဆောင်းပြင်ဆင်ထားရပါမယ်။ အရေးပေါ် ရှေးဦး ပြုစုခြင်းအတွက် အရိပ်ရ အေးမြတဲ့ နေရာ ပြင်ဆင်ထားရပါမယ်။ ကြိုတင်အသိပညာပေးထားရပါမယ်။
အပူဒဏ်အံတုဖို့ နွေရာသီမှာ အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ချည်ထည် တွေဝတ်ပါ။
မနက် (၁၀)နာရီမှ ညနေ (၅)နာရီအတွင်း အရိပ်ရပြီး အေးမြသော နေရာမှာ နေပြီးအပူရှောင်ပါ။
ရေများများသောက်ပါ။ နေပူပြင်းချိန် ကိုယ်လက်လှုပ်ရှားခြင်း အလုပ်လုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ပါ။
အနာဂတ်ကာလမှာအပူသက်သာဖို့ ရောက်တဲ့နေရာတိုင်းသစ်ပင်တွေစိုက်ပျိုးကြပါ။ ပလက်စတစ် လျော့သုံးပါ။ အမှိုက်များမီးရှို့ခြင်းကိုရှောင်ပါ။ ဂေဟ စနစ်ကိုတန်ဖိုးထားပါ။
သစ်တောတွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်ပြီး တောပြုန်းအောင်ခုတ်နေတဲ့ အဖွဲ့အစည်းတွေကို ရှုပ်ချ ဆန့်ကျင်ကြပါ။ ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်မထိခိုက်အောင်ထိန်းသိမ်းရင်းနဲ့ ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချနိုင်အောင် ကြိုးစားရပါမယ်။
နောက်တစ်ပတ်မှာတော့ ရေချိုးခြင်းနှင့် ကျန်းမာရေး ကို တင်ဆက်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှု နားဆင်ပေးကြပါဦး။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အံတုရမယ် #နွေရာသီနဲ့အပူလှိုင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)