ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ပင်လယ်နီအတွင်း ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံ ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

ပနားမားနိုင်ငံအလံ လွှင့်ထူထားတဲ့ တိုက်ခိုက်ခံရတဲ့ ရေနံတင်သင်္ဘောဟာ ရေနံစိမ်းတွေတင်ဆောင်ပြီး အိန္ဒိယနိုင်ငံသို့ ဉီးတည်သွားရောက်နေစဉ် ပင်လယ်နီအတွင်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတာလို့ အမေရိကန်နိုင် ငံက ပြောပါတယ်။

ပင်လယ်နီအတွင်း ဗြိတိန် ရေနံတင်သင်္ဘော Pollux ကို ဒုံးကျည်အများအပြားနဲ့ ပစ်မှတ်ထားပြီး တိုက် ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယာရာဆာရီးက ရုပ်သံထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ဟူသီအဖွဲ့က စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမှာဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေနဲ့အတူ လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ ကတိပြုပါတယ်” လို့ သူက ဆိုပါတယ်။

ဆာနာမြို့တော်ရဲ့ အနောက်တောင်ဘက် ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ အယ်လ်မူခါမြို့ရဲ့ အနောက်မြောက် ဘက် ရေမိုင် ၇၀ ခန့်အကွာမှာ ရေနံတင်သင်္ဘော Pollux ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်နိုင်ငံက သောကြာနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပေမယ့် အမှုထမ်းတွေနဲ့ ရေနံတင်သင်္ဘော ဘေး ကင်းခဲ့ပြီး စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေက လက်တုံ့ပြန်မှုပြုလုပ်နေတယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံက ဂါဇာဒေသမှာ ထိုးစစ်ဆင်မှု ရပ်ဆိုင်းဖို့နဲ့ ပါလက်စတိုင်းပြည်သူတွေထံ အကူအညီပေး အပ်ဖို့ တောင်းဆိုမှုအဖြစ် ဟူသီအဖွဲ့ဟာ နိုဝင်ဘာလမှစတင်ကာ ပင်လယ်နီ ကုန်သွယ်မှုရေလမ်းကြောင်းအတွင်း သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး ဟူသီအဖွဲ့ရဲ့ တိုက် ခိုက်မှုတွေ အဆုံးသတ်ရေး တရုတ်က ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – ANI News
Ref; Houthis fired missiles at India-bound British oil tanker: US

#Ayeyarwaddy_Times