ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နှင့် အင်္ဂပူမြို့နယ်ရှိ စစ်ကောင်စီတပ် လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် စစ်သင်တန်းတက်ရောက်သူများနေထိုင်ရန်နှင့် စားနပ်ရိက္ခာများ ထားရှိသိုလှောင်ရန် အတွက် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပုသိမ်မြို့ ၊ရွှေမြင်တင် အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေး သင်တန်း ကျောင်းနှင့် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ အမှတ် (၅) တပ်မတော် တန်းမြင့် သင်တန်းကျောင်းများတွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်သင်တန်းလာတက်မယ့်သူတွေအတွက် အဆောက်အဦးတွေ တိုးချဲ့နေတာအပြင် အသစ် ဆောက်ဖို့ပါ လုပ်နေကြတာပါ။ စစ်သင်တန်းတက်ဖို့ ဘယ်လောက်အရေအတွက် ထားမယ်၊ နောက် အစားအသောက်တွေအတွက် စားနပ်ရိက္ခာတွေထားဖို့ အတွက်ပါ လုပ်နေကြတာပါ။ ဒါမျိုးတွေကို နေရာတိုင်းမှာ ပြင်ဆင်ကြတော့မှာပါ”ဟု စစ်ကောင်စီ တပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သင်တန်းခန်းမ အဆောက်အအုံးများ ဆောက်လုပ်ရန်ပြင်ဆင်နေသည့်အပြင် တက်ရောက်မည့်သူများအတွက် လူ ၃၀ ဆန့် အိပ်ဆောင်၊ လူ ၆၀ ဆံ့ အိပ်ဆောင်၊ လူ ၉၀ ဆံ့အိပ်ဆောင်၊ လူ ၁၈၀ ဆံ့အိပ်ဆောင်များအပြင် စားရိပ်သာ/စားချက်ဆောင်များကိုလည်း လူ ၃၀ ဆံ့၊ လူ ၉၀ ဆံ့၊ ၁၈၀ ဆံ့အဆောင်များ ပူးတွဲဆောက်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်မှာတော့ စာရင်းလိုက်ကောက်နေပြီ။ စာရင်းပေးထားကြတယ်။ လူငယ်အများစုက စစ်မှုမထမ်းချင်ဘူး။ ဘာတွေဆက်ဖြစ်မလဲ မပြောတတ်တော့ဘူး၊ တချို့ လူငယ်တွေကတော့ နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေကြပြီ” ဟု အင်္ဂပူမြို့နယ် ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေကို အတည်ပြု၍ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ခဲ့ပြီး တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူအများအပြား စိုးရိမ်စိတ်များ မြင့်တက်နေကြောင်း သိရသည်။

“အခုချိန်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်သောကရောက်နေကြတာ။ အခုဆိုရင် အလုအယက်နဲ့ ပတ်စပို့စ် လုပ်လာတာတွေဟာ စစ်ကောင်စီ ယန္တရား အောက်က လူတွေအတွက် လုပ်စားစရာ အခွင့်အရေးလို ဖြစ်နေတယ်။ ပြည်ပကို ထွက်ခွာဖို့ဆိုတာလည်း အရင်လောက် မလွယ်ကူနိုင်တော့ဘူး။ စစ်ကောင်စီက သူတို့အင်အားရဖို့အတွက် မျိုးစုံကြိုးပမ်းပြီး နည်းမျိုးစုံ ပြင်ဆင်လာမှာပဲ” ဟု CDMစစ်သား သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန်က ပြောသည်။

စစ်ကောင်စီက ယခုလို စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ လူငယ် အများစုသည် ပြည်ပထွက်ရန်အတွက် လုပ်ဆောင်လာကြပြီး ပတ်စပို့စ် လျှောက်ထားသူ ပိုမို များပြားလာကြောင်း စုံစမ်းသိရသည်။

“သူတို့အာဏာရနေသ၍ ဒီနိုင်ငံက လူငယ်တွေ အတွက် ခြိမ်းခြောက်မှုတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေအုံးမှာ။ ပြည်ပကိုထွက်တာကလဲထွက်ကြပါ၊ ဒါပေမဲ့ တော်လှန်ရေး မှာလည်း ပိုပြီးအားစိုက်ထုတ်ပေးကြပါ။ စစ်အာဏာရှင် အမြစ်ပြတ်မှ ဒီနိုင်ငံက အသက် ရှူချောင်လာမှာ”ဟု တပ်ကြပ်ဇွဲမာန်က ဆိုသည်။

ပုံစာ-ပုသိမ်မြို့ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် ဟောပြောပွဲတစ်ခု ပြုလုပ်နေစဥ် (ပုံဟောင်း)

#ဧရာဝတီ #လေ့ကျင့်ရေးကျောင်း #စစ်သင်တန်းတက်ရောက် #အဆောက်အအုံ #တိုးချဲ့ဆောက်လုပ် #စစ်ကောင်စီပြင်ဆင် #Ayeyarwaddy_Times