ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် တစ်ရွာလျှင် ငါးဦးနှုန်း မဲနှိုက်ရွေးချယ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေပြဌာန်းပြီး နောက် ရက်ပိုင်းအတွင်း အသက် ၁၈ မှ ၃၅ နှစ်အထိ အမျိုးသားများအား တစ်ရွာလျှင် ငါးယောက်နှုန်းဖြင့် မဲနှိုက်ရွေးချယ်နေကြကြောင်းသိရသည်။

“ကျနော်တို့ ဆီမှာ မနေ့က မဲနှိုက်တယ် ။ ဆယ်အိမ်တစ်ပိုင်ကို တစ်ယောက်နှုန်း နဲ့ ကျနော်တို့ဆယ်အိမ်အပိုင်ထဲက လင်မယား နှစ်ယောက်ရှိတာ အမျိုးသားမဲပေါက်တော့ ကျန်တဲ့ ကိုးအိမ်က တစ်အိမ်တစ်သိန်းစီစုပြီး သူမိန်းမကိုထောက်ပံ့ပေးလိုက်ကြတယ်။ မဲပေါက်တဲ့သူတွေကို စာရင်းကောက်သွားတယ်ဘယ်နေ့လာခေါ်မယ်ဆိုတာတော့မသိဘူး “ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီအဖွဲ့ မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မှစတင်ကာ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးရုံးများတွင် လူစုကာ တစ်အိမ်တစ်ယောက် ဆင့်ခေါ်ပြီး မဲနှိုက်ခိုင်းနေ ပြီး ပြည်သူ့စစ်များကိုပါ နေ့စားခပေး၍ဖွဲ့စည်းနေကြကြောင်း ဒေသခံများထံမှသိရသည်။

“အရင်ကျေးရွာလုံခြုံးရေးအဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေကို တစ်နေ့ တစ်သောင်းသုံးထောင်ပေးပြီး အခြေခံစစ်သင်တန်းတတ်ခိုင်းနေတယ်။ သင်တန်းလာပေးတာက စစ်တပ်ကကောင်တွေလည်းပါတယ် အခုမဲနှိုက်ထားတဲ့သူတွေကတော့ မတက်ရသေးဘူး “ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းရန် ပြည်သူများအား မဲနှိုက်ခိုင်းခြင်းများကို လုပ်ဆောင်နေပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း မြင်းကာဆိပ်ကျေးရွာတွင် စစ်သဘ်ောဖြင့် လူငယ်အယောက် ၄၀ အား ပေါ်တာဆွဲသွားကြောင်း ဒေသခံများထံမှသိရသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီ #စစ်မှုထမ်း #ဝါးခယ်မ #အိမ်မဲမြို့နယ် #တစ်ရွာလျှင်လူ၅ဦးမဲနှိုက်ရွေးချယ် #Ayeyarwaddy_Times