အယိုက်လင်း၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပင်စင် လစာများ နှစ်လကြာအထိ ထုတ်ယူခွင့်မရရှိသေးသည့်အတွက် အခက်တွေ့နေကြောင်း ပင်စင်စား မိသားစုများထံက သိရှိရသည်။

ပလက်ဝမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ အားလုံးရပ်ဆိုင်းသွားခြင်းနှင့်အတူ အစိုးရဝန်ထမ်း လစာ၊ ပင်စင် လစာများလည်း ရပ်ဆိုင်းသွားပြီး မိသားစုစားဝတ်နေရေး အခက်တွေ့နေရကြောင်း သိရသည်။

“ဒီဇင်ဘာလနဲ့ ဇန်နဝါရီ နှစ်လစာ ထုတ်ယူခွင့် မရသေးတာဖြစ်ပါတယ်။ ပင်စင်စားတွေအတွက် ဘယ်လိုစီမံ ဆောင်ရွက်ပေးမလဲဆိုတာမသိရသေးဘူး။ လစာကို စစ်တွေမြို့မှာ ထုတ်ရမယ်ပြောပေမယ့် အတိကျ ပြောတာမျိုးမရှိဘူး။ အလုပ်လက်မဲ့ဖြစ်နေတော့ မိသားစု စားဝတ်နေရေး အခက်အခဲ ရှိတာပေါ့”ဟု ပညာရေးဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့မှ ဝန်ထမ်းလစာနှင့် ပင်စင်လစာကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ထုတ်ယူရမည်ဟု ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက ပြောဆိုထားသော်လည်း နေရာ၊ ဌာနများကို အတိကျ ပြောဆိုထားခြင်း မရှိသောကြောင့် ထုတ်ယူရာတွင် အခက်တွေ့နေရသည်ဟု သိရသည်။

အလားတူ ပင်စင်လစာများကို ယခင်က ပလက်ဝမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ယူရသော်လည်း ယခုအခါ မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် ပင်စင်လစာ ထုတ်ယူခွင့် မရရှိဘဲ နှစ်လကျော်ကြာနေပြီဖြစ်ကြောင်း သိရသည်။

“ပင်စင်လစာကို အရင်က စီးပွားရေးဘဏ်ကနေ ပုံမှန်အတိုင်း ထုတ်ယူလို့ ရပါတယ်။ အခု လစာထုတ်လို့ မရတာ နှစ်လကြာပါပြီ။ အစိုးရကနေ လစာနဲ့ပတ်သက်ပြီး ဘာမှဆောင်ရွက်ပေးတာ လုပ်ပေးတာ မရှိတော့ စားဝတ်နေရေး အခက်ခဲရှိပါတယ်။ ပင်စင်လစာနဲ့ ပတ်သက်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ပါတယ် “ဟု ကျန်းမာရေး အငြိမ်းစား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းများကို ရက္ခိုင့်တပ်တော်(AA)မှ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အပြီးသိမ်းပိုက်ရရှိထားပြီး AA အနေဖြင့် ပလက်ဝမြို့ အုပ်ချုပ်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ဟု တစုံတရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးကြောင်း သိရသည်။

#ချင်းပြည်နယ် #ပလက်ဝမြို့ #အစိုးရဝန်ထမ်း #ပင်စင်စား #Ayeyarwaddy_Times