
ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီ ၁၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာဒေသတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)နှင့် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)တို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)အနေဖြင့် လုံးဝပါဝင် ပတ်သက်ခြင်းမရှိကြောင်းပြောကြားသည်။
မတူပီမြို့နယ်၊ မရာဒေသတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)နှင့် မရာကာကွယ်ရေးတပ်ဖွဲ့ (MDF)တို့အကြား တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ)ဘက်မှ ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)က မဟာမိတ်အနေဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
“မရာအချင်းချင်းဖြစ်တဲ့ ကိစ္စမှာ ကျွန်တော်တို့က ပါတယ်ဆိုပြီး မီဒီယာတွေမှာ ဖော်ပြနေတာ တွေ့ရတယ်။ အဲ့ဒါသတင်းအမှားဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ လုံးဝ ပါဝင်ပက်သက်မှုမရှိပါဘူး။ အချင်းချင်းဖြစ်တဲ့ ပြဿနာမှာ ကျွန်တော်တို့က ပါဝင်ဖို့ အကြောင်းလည်းမရှိဘူးပေါ့နော်။ ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်က စစ်ကောင်စီကို တိုက်ထုတ်ဖို့ပဲလေ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)တာဝန်ခံက ဧရာဝတီတိုင်းမ် ကို ပြောသည်။
မတူပီမြို့နယ်၊ မရာဒေသတွင် အခြေစိုက်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ ယာယီတပ်စခန်းကို မရာကာကွယ်ရေးတပ်ဖွဲ့(MDF)က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် ချောင်းမြောင်းပစ်ခတ်မှုကြောင့် ချင်းအမျိုးသား တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ) တပ်ဖွဲ့ဝင် တစ်ဦးတို့ ကျဆုံးခဲ့သည်။
မရာကာကွယ်ရေးတပ်ဖွဲ့ (MDF)သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ)၏ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ခြောက် ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းကြောင့် မရာ ချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တို့က မရာကာကွယ်ရေး တပ်ဖွဲ့ (MDF)ကို စစ်ရေးအရ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် မရာ ကာကွယ်ရေးတပ်ဖွဲ့(MDF)၏ လက်နက်ခဲယမ်းများနှင့် ပစ္စည်းတချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-CDF-ပလက်ဝ
#မတူပီမြို့နယ် #မရာဒေသ #မရာအချင်းချင်းဖြစ်ပွား #တိုက်ပွဲ #ပါဝင်ပတ်သက်ခြင်းမရှိ #ချင်းကာကွယ်ရေးတပ်ဖွဲ့ပလက်ဝ #Ayeyarwaddy_Times