ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်
( ဖေဖော်ဝါရီ ၁ ရက် မှ ၁၆ ရက်နေ့အထိ နှစ်ပတ်အတွင်းဈေးကွက်အခြေအနေ)
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
စစ်ကောင်စီအာဏာသိမ်းထားသည့် သုံးနှစ်တာကာလ ရောက်လာချိန်အထိ ဒေါ်လာဈေး၊ ရွှေဈေးနှင့် အခြေခံ စားသောက်ကုန်ဈေးများအပါအဝင် လူသုံးကုန်ပစ္စည်း ဈေးနှုန်း များက တစ်စထက်တစ်စ တိုး၍သာ မြင့်တက်လာနေသည်။
ဈေးကျသည့် ကုန်ပစ္စည်း တစ်ခုမျှမရှိပေ။
စစ်ကောင်စီသည် ကုန်စျေးနှုန်းများမြင့်တက်ကာ လျှပ်စစ်မီး လုံလောက်စွာပေးနိုင် ခြင်းမရှိသော်လည်း EV လျှပ်စစ်ကား (လျှပ်စစ်သုံးယာဉ်) နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ယခု ဖေဖော်ဝါရီလတွင် ကုမ္ပဏီပေါင်း ၈၁ ခုကို လျှပ်စစ်ကားနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ခွင့် ခွင့်ပြုခဲ့သည်။
စစ်ကောင်စီ၏ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီသည် ၂၀၂၃ ခုနှစ်က ကုမ္ပဏီ ၃၀ ကို EV မော်တော်ယာဉ် တင်သွင်းခွင့် ပြုထားခဲ့ပြီး ယခုနှစ်တွင် ကုမ္ပဏီအသစ် ၅၀ ကျော်ကို ခွင့်ပြုချက်ထပ်မံပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းစားသောက်ကုန်များပစ္စည်များအပါအဝင် သုံးစွဲမှုများသည့် ဆေးဝါးများဈေးမြင့် တက်နေပြီးဆန်စပါးဈေးနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများ အမြင့် တွင်သာငြိမ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရန်နှင့် သက်သာစွာ ဆန်ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းတွင် ဧည့်မထဆန် တစ်ပြည်လျှင် ၃၃၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်း ရောင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင်အဓိကကုန်စည်စီးဆင်းရာ မြန်မာ -ထိုင်း ( မြဝတီကုန်သွယ်ရေးစခန်း) ရှိရာလမ်း ကြောင်း သွားလာရေးခက်ခဲမှုအပါအဝင် မြန်မာ – တရုတ် ( မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်ပိတ် ထားရမှုနှင့် အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး စခန်းလမ်းကြောင်းများပိတ်ထားရသဖြင့် အထွေထွေကုန်ဈေးနှုန်းများက မြင့်တက်နေဆဲ ဖြစ်သည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
လက်ရှိအမေရိကန် ဒေါ်လာဈေးကွက်တွင် ယခုနှစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျ အနေဖြင့် တစ်ဒေါ်လာလျှင် ၅၀ ကျပ်ကျော် အတက်အကျဖြစ်လေ့ရှိပြီး ဇန်နဝါရီလနှင့် နှိုင်းယှဉ်ရာတွင် ကျပ် ၁၀၀ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၄ နှင့် ၁၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၄ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထုတ်ရောင်းကြောင်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃၅၅၅ ရှိရာမှ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကန်ဒေါ်လာလျှင် ကျပ် ၃၅၅၀ ကျပ် ရှိကြောင်းသိရသည်။
“ ဒေါ်လာဈေးက အတက်မှာပဲ။ ဒေါ်လာရိုးရိုးဆိုရင် တစ်ဒေါ်လာကို ၁၃၅၀ နဲ့ရတယ်။ စီး ရီးလိုက်ဆိုရင် ၁၃၆၀ ရတယ်။ အဲဒီပတ်ဝန်းကျင်မှာပဲဈေးက အကုန်အတက် ချည်းပါပဲ” ဟု ဒေါ်လာရောင်းဝယ်ရေးနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တရုတ်တစ်ယွမ်လျှင် ၅၀၃ ကျပ်ရှိရာမှ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ကျပ် ၄၉၃ ကျပ်ရှိ ကြောင်းသိရသည်။
“ တရုတ်နှစ်ကူးကာလဖြစ်လို့ တရုတ်ယွမ်ဈေးမြင့်တက်နေတယ်။ ဈေးက အတက်၊ အကျ မြန်တယ် “ ဟု တရုတ်ငွေလွဲလုပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထိုင်းဘတ်ငွေ သန်း ၂၀ ထုတ်ရောင်းထားပြီး ပြင်ပ ဈေးကွက်တွင်မူ ဈေးအမြင့်တွင်ရှိနေဆဲဖြစ်သည်။ တစ်ဘတ်လျှင် ၉၉ ဒသမ ၂ ကျပ်ဖြင့် ဈေးအမြင့်တွင်ငြိမ်နေ ကြောင်း ဈေးကွက်အတွင်းက သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၀၀ ကျပ် ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၉ ဒသမ ၂ ကျပ်နှုန်းရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရသည်။
ကမ္ဘာရွှေဈေးနှုန်းကျချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းကမူ ဈေးအမြင့်တန်းမှာပင် ရှိနေသည်။ ယခုနှစ်ပတ်အတွင်း အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းသည် ကျပ် ငါးသောင်း (၅၀၀၀၀) အတက်အကျရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၃,၈၉၅,၀၀၀ ရှိရာမှ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကျပ် ၃,၈၆၇,၀၀၀ သိန်းရှိကြောင်းရွှေဆိုင်များထံက သိရသည်။
“ ပြည်တွင်းအဝယ်များလို့ရွှေဈေးတက်နေတယ်လို့ယူဆတယ်။ ဒီမှာကဈေးတက်ရင် ဝယ်ပြီးတော့ ဈေးကျရင်ပြန်ရောင်းကြတယ်။ အဓိက ကိုင်ရလွယ်တဲ့ရွှေပဲဝယ်နေကြလို့။ တချို့က တရုတ်ကူးပြီးရင် ဈေးကျမယ်ပြောကြလို့ စောင့်နေကြတယ်”ဟု ရွှေအသိုင်း အဝိုင်းမှ စျေးကွက်အကြောင်းနားလည်သူက ဆိုသည်။
လက်ရှိပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဈေးနှုန်းအမြင့်တွင်သာတည်ငြိမ်နေသည်။ ယခုသီတင်း နှစ်ပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၀၀ နီးပါးမြင့် တက်သွားလာကြောင်းယာဉ်မောင်း သူများထံက သိရသည်။
“ ဆီကားဆိုတော့ တက္ကစီခ ငါးသောင်းလောက်ရရင် ဆီထည့်ရတာက နှစ်သောင်းခွဲ လောက်ဖြစ်တယ်။ အုံနာကြေးနဲ့ မကိုက်ပေမယ့်ဆွဲနေရတာပဲ ” ဟု တက္ကစီယာဉ်မောင်း တစ်ဦးက ညည်းတွားပြောဆိုသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၇၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၇၅ ၊ ပရီမီယံဒီဇယ် ၂၆၅၅ ကျပ်နှင့် ဒီဇယ် ၂၆၄၀ ကျပ်ရှိကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၇၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၅၃၀ ကျပ်နှင့် ဒီဇယ် ၂၄၅၀ ကျပ်ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်စပါးဈေးနှင့် လူသုံးကုန်ပစ္စည်းများ ဈေးတက်နေပြီး စားဖိုဆောင်သီးနှံဈေးသည်လည်း အမြင့်တွင်ပင်ရှိနေဆဲဖြစ်သည်။
စစ်ကောင်စီက ပို့ကုန်နှင့်သွင်းကုန်တရုတ်ပစ္စည်းများ အဓိကသွင်းရာလမ်းကြောင်း ဖြစ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ပြန်ဖွင့်နိုင်ရန်ကြိုးစားနေကြောင်းသိရသည်။
ယခုနှစ်သီတင်းနှစ်ပတ်အတွင်းဆန်ဈေးအမြင့်မှာပင်ရှိပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂,၀၀၀ မှ ၁၀,၀၀၀ ကျပ်ကြားဈေးတက်ကြောင်း ဆန်လက်လီလက်ကားရောင်းချ သူထံက သိရသည်။
ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံအသစ် ၁၄၅,၀၀၀ ကျပ်၊ တောင်ပျံအသစ် ၁၃၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၂၈,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၀၈,၀၀၀ ကျပ် ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံမှ သိရသည်။
ထို့ပြင်ဆန်ကြမ်းအမျိုအစား ရက် ၉၀ အသစ်ဈေးနှုန်းသည့် ယခင်လ ၉၇,၀၀၀ ကျပ်ရှိရာမှ ယခုလတွင် တစ်သိန်းကျော်သွားပြီဖြစ်ကာ တစ်အိတ်လျှင် ကျပ် ၁၀၆,၀၀ ကျပ်ရှိပြီး ဆင်းသုခအသစ်တစ်အိတ်လျှင် ၈၆,၀၀၀ ကျပ်မှ ၈၈၀,၀၀၀ ကျပ်ရှိကြောင်း ဆန်ရောင်းသူတစ်ဦးက ပြောကြားသည်။
လက်ရှိဆန်အရောင်းအဝယ်ဈေးကွက်တွင် ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရန်နှင့် သက်သာစွာဆန်ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်း တွင် ဧည့်မထဆန် တစ်ပြည်ကို ကျပ် ၃၃၀၀ ကျပ်ဖြင့်ရောင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်သည်။
ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ရန်ကုန်အထိုင်အခြေခံ လက်ကားရည် ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၁၄၀ ကျပ်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၈ ရက်နေ့အထိ ယင်းသတ်မှတ်ချက်အတိုင်း ရောင်းချ ရမည်ဖြစ်သည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီ တင်သွင်း သည့် ကုမ္ပဏီများပူးပေါင်းကာ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချ ရာ နေရာများတွင်ပြည်သူများ တန်းစီ၍ တိုးဝယ်နေရဆဲဖြစ်သည်။
ဆောင်းရာသီဖြစ်၍ ဟင်းသီးဟင်းရွက်များ ဈေးအနည်းငယ်သက်သာနေပြီး စားဖိုဆောင်သီးနှံဈေးနှုန်း များတွင် ကြက်သွန်နီ တစ်ပိဿာ ၃,၅၀၀ ကျပ်နှင့် ကြက်သွန်ဖြူ ( ဗမာဥ)တစ်ပိဿာ ကျပ် ၂၂,၀၀၀ ၊ ကြက်သွန်ဖြူ(ရှမ်းဥ) တစ်ပိဿာ ၁၈,၀၀၀ ကျပ်ဖြင့် ကြက်သွန်ဈေး နှစ်ထောင်ကျပ်မြင့်တက်ပြီး အာလူးတစ်ပိဿာလျှင် ၄,၀၀၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဖေဖော်ဝါရီ၁မှ၁၆ရက်နေ့အထိ #Ayeyarwaddy_Times