နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မ ရဲစခန်းမှ ရခိုင်ပြည်နယ်သို့ပြောင်း ရွှေခံထားရသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ရခိုင်ပြည်နယ်တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ရခိုင်ပြည်နယ် နယ်ခြားစောင့် တပ်ရင်း (၂) ကိုပြောင်းရွှေခံထားရသူများဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ရခိုင်ကိုပြောင်းရွှေ့ခံရတာ ၂ နှစ်ကျော်ပြီ။ ရခိုင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တိုက်ပွဲအတွင်းမှာ သေဆုံးသွားတာ” ဟု ရဲတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်းမှနေ၍ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ရင်းများသို့ ပြောင်းရွှေ့ခံထားရသည့် ရဲတပ်ဖွဲ့ဝင် အများအပြားရှိနေပြီး အင်အားရော့နည်းလာသည့် စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်း၍ တိုက်ပွဲများအတွင်း တာဝန်ပေးစေခိုင်းမှုများ ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူထံက သိရသည်။

ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းခံရသည့် ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုများရှိနေသော်လည်း အဆိုပါသေဆုံးမှုကို အပြင်သို့မပေါက်ကြားစေရန်အတွက် ထိမ်ချန်ထားမှုများရှိကြောင်း ရဲတပ်ဖွဲ့ဝင် မိသားစုများထံက သိရသည်။

ပုံစာ-မအူပင်မြို့မရဲစခန်း

#မအူပင်မြို့နယ် #ရခိုင်ပြည်နယ် #ပြောင်းရွှေ့ #ရဲတပ်ဖွဲ့ဝင်၃ဦး #တိုက်ပွဲအတွင်းသေဆုံး #Ayeyarwaddy_Times