
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် အမျိုးသား တစ်ဦးကို ရပ်ကျေးပျူစောထီး(ပြည်သူ့စစ်)အဖွဲ့မှ မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နှက်ကာ အလောင်းမီးရှို့ဖျောက်ဖျက်မှု ပြုလုပ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ဘိုကလေးမြို့နယ် အေရာတန်ကျေးရွာတွင် အသက်၅၄ နှစ်အရွယ် ဦးစိုးနိုင်ဆိုသူမှာ ဖေဖော်ဝါရီလ ၁၂ရက်နံနက်၄နာရီခွဲခန့်က ကျေးရွာအနီးချောင်းအတွင်းသို့ ငါးနှင့်ပုဇွန်ရှာဖွေရန် ထွက်ခွာလာစဉ် ရပ်ကျေးပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် သုံးဦးမှ မင်္သကာဟုအကြောင်းပြ၍ ကျေးရွာအနီးလယ်ကွင်းနေရာသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံများထံကသိရသည်။
“ ငါးဖမ်းဖို့ ကိုစိုးနိုင်တစ်ယောက်ထဲချောင်းဘက်ထွက်လာတုန်း ပျုူစေထီးတွေနဲ့သွားတွေ့ပြီးဖမ်းခေါ်သွားတာတွေ့လိုက်ရတယ်။ လမ်းမှာအရိုက်ခံရလားတော့မသိဘူး။ အော်ဟစ်အသံတွေကြားခဲ့ရတယ်။ရွာအပြင်ကလယ်ကွင်းကိုခေါ်သွားတာတွေ့လိုက်ရတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် အေရာတန်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ဖမ်းဆီးခဲ့မှုအပေါ် မိသားစုမှ လိုက်လံစုံစမ်းနေစဉ် ရွာအနီးရှိ လယ်ကွင်းထဲတွင် ကောက်ရိုးဖြင့်ဖုံးအုပ်ကာ မီးရှို့သတ်ဖြတ်ခြင်းခံထားရသည့်ဦးစိုးနိုင်ဆိုသူ၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျူးလွန်သူ ရပ်ကျေးပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း မိသားစုနှင့်နီးစပ်သူများကပြောဆိုသည်။
“ ဦးလေးအဖမ်းခံရတာသိလို့လိုက်ရှာတော့ရွာအပြင်လယ်ကွင်းက ကောက်ရိုးပုံမှာအလောင်းပဲပြန်တွေ့တယ်။ ဒါပေမဲ့အလောင်းကမီးရှို့ခံထားရတယ်။အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေတော့လာကြည့်သွားတယ်” ဟုဦးစိုးနိုင်နှင့်နီးစပ်သည့်မိသားစုဝင်တစ်ဦးကဆိုသည်။
ဘိုကလေးမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီ လ ပထမအပတ်ကလည်း မြို့တွင်းရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှနေ့ရောညပါ လုံခြုံရေးတင်းကျပ်ထားသော်လည်း လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုဖြစ်စဉ် ၂၀ မှုထက်မနည်းဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူများကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြို့ခံများထံကသိရသည်။
ဓာတ်ပုံ- စစ်ကောင်စီထောက်ခံလော်ဘီPAN မီဒီယာ
#ဘိုကလေး #အမျိုးသားတစ်ဦး #ပြည်သူ့စစ်အဖွဲ့ #ဖမ်းဆီရိုက်နှက်သတ်ဖြတ် #အလောင်းကိုမီးရှို့ဖျောက်ဖျက် #Ayeyarwaddy_Times