ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၆ ရက်နေ့များတွင် ဒေသခံ သုံး ဦးသေဆုံးခဲ့ပြီး အသက်မပြည့်သေးသူများအပါအဝင် ကိုး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ၊ ၁၂၀မမ၊ ၁၅၅ မမ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည့်အတွက် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးရွာအတွင်း ‌ကျရောက်ပေါက်ကွဲခဲ့ရာ ဒေါ်ယုယုမော်(၄၄နှစ်) သေဆုံးကာ အသက်မပြည့်သေးသည့် ကလေးငယ် သုံး ဦးအပါအဝင် ငါး ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါတပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးမှာ နတ်သံကွင်းမြို့၊ ခင်ကန့်လန့်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ယဉ်ဒွေး(၈၅နှစ်) မှာ ကျည်စထိမှန်သေဆုံးခဲ့ကာ ဒေါ်ကြူကြူ(၄၄နှစ်)မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီလို လက်နက်ကြီးထိပြီးသေတာတွေကို စစ်ကောင်စီက PDF တွေဒရုန်းနဲ့ချလို့ သေတယ်ဆိုပြီး ဝါဒဖြန့်နေကြတယ်။ ဒရုန်းအကြီးတွေဆို ၈၁ မမတင်နိုင်ပေမဲ့ အခုအဲ့ဒီဧရိယာမှာ ကျတာ ၈၁၊ ၁၂၂၊ ၁၅၅ မမတွေ။ အဲ့ဒီဧရိယာမှာ ကျွန်တော်တို့ဘက်က အဲ့ဒီလောက်တင်နိုင်တဲ့ဒရုန်းတွေမရှိဘူး။ ပစ်တဲ့တပ်က ပိန်းဇလုပ်တပ်ရင်းကပစ်ပြီး ညောင်လေးပင်၊ ကျောက်တံခါးဘက်ကရွာတွေကို ကျနေတာ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ နံနက်ပိုင်းကလည်း စစ်ကောင်စီ ခလရ-၇၃ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးမှာ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်း ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပဲနှုတ်နေသည့် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့၍ နေ့လယ်ပိုင်းအချိန်တွင်လည်း ခမရ-၂၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ချုံအင်း ကျေးရွာရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့ပြင် ညနေပိုင်းတွင် ပဲနွယ်ကုန်းအခြေစိုက် ခမရ-၃၀၇ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာမှ ဦးကံလှ(၇၅)နှစ်မှာ သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေများတွင် အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၂၀၇၅ ကြိမ်ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သေဆုံးခဲ့ရသည့် ဒေသခံ ၁၉၅ ဦးရှိကြောင်း KNU ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNU
#ပဲခူး #စစ်တောင်းမြစ်ဝှမ်းဒေသ #လက်နက်ကြီးထိမှန်သေဆုံး #ဒေသခံ #စစ်ကောင်စီပစ်ခတ် #Ayeyarwaddy_Times