ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ရှိ မအီချောင်းတံတားနှင့် ကျောက်ကြီးပေါက်တံတားတို့ကို မအီမြို့ကနေ အမ်းသို့ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များက ချိုးဖျက်ထားခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့ ည၉နာရီအချိန်ခန့်က မအီ-ပြင်ဝန်း ဆက်သွယ်ထားသည့် မအီချောင်းတံတားကို စစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့ နံနက် ၃နာရီအချိန်ခန့်ကလည်း မအီမြို့ အနောက်မြောက်ဘက်ရှိ မအီချောင်းလက်တက်တွင်ရှိသော ကျောက်ကြီးပေါက် တံတားကိုလည်း မိုင်းခွဲ ချိုးဖျက်ခဲ့ကြောင်း ‌မအီဒေသခံများထံက သိရသည်။

“မနေ့ကစပြီး စစ်ကောင်စီကလူတွေ စစ်ရဟတ်ယာဉ်နဲ့ အမ်းကိုပြောင်းကြတယ်။ တိုက်ပွဲတော့မရှိပါဘူး။ သူတို့ပြောင်းနေချိန် အနီးအပါးကို သေနတ်ဖောက်တာတွေဘာတွေလုပ်တယ်။ တံတားကလည်း စစ်ကောင်စီက လူတွေပဲ စောင့်ကြပ်နေတာ မပြေးခင် လမ်းကြောင်းတွေအကုန် ဖျက်သွားတာလို့ သိထားတယ်။ အခုမနက်ထိလည်း ရွှေ့နေကြတုန်းပဲ” ဟု မအီ‌မြို့မှဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုဝင်များသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့ နေ့လယ် ၁၂နာရီခန့်မှစ၍ ယနေ့မနက်ပိုင်းအထိ မအီမြို့မှ အမ်းမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

၎င်းတို့ပြောင်းရွှေ့နေစဉ်နှင့် ပြောင်းရွှေ့ပြီးနောက် မအီသို့ AAတပ်ဖွဲ့ ဝင်ရောက်မလာနိုင်စေရန် တံတားများကို ချိုးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်နေ့ကလည်း ပုဏ္ဏားကျွန်း- စစ်တွေဆက်သွယ်ထားသော မင်းချောင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ရက်နေ့က ကျောက်တော်- စစ်တွေ ဆက်သွယ်ထားသည့် ကစ္ဆပနဒီတံတားကို လေယာဉ်ဖြင့် ဗုံးကြဲ ဖျက်ဆီးခဲ့သည်။

ပုံစာ- ဖျက်ဆီးခံထားရသည့်မအီတံတား
#မအီမြို့ #မအီချောင်းတံတား #ကျောက်ကြီးပေါက်တံတား #စစ်ကောင်စီ #မိုင်းခွဲဖျက်ဆီး
#Ayeyarwaddy_Times