နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

စစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်အင်အား အရေးပေါ် လိုအပ်ချက်အတွက် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အရန်တပ်ဖွဲ့ (ခ) စစ်မှုထမ်းဟောင်း ဥပဒေတို့ကို အသက်သွင်းခဲ့ပြီးနောက် ရဲမှုထမ်းဟောင်းများကိုပါ ပါဝင်ကူညီပေးရန် မက်လုံးပေး စည်းရုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာများအရ သိရသည်။

“အဲ့ဒီမှာက အများဆုံးကတော့ မြို့နယ်မှူးအဆင့်၊ စခန်မှူးအဆင့်ကနေ သန္ဓေတည်တာပေါ့။ အောက်ကသူတွေကို ရသလောက် လိုက်စုဆောင်းတာမျိုး။ အရာရှိအဆင့်တွေပဲ များပါတယ်။ ရဲတပ်ဖွဲ့ကနေ ထွက်လာတဲ့ သူပဲဖြစ်ဖြစ်၊ ပင်စင်ယူလာတဲ့ သူပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဘယ်လိုမှ စိတ်ကူးမရှိသလို အဖွဲ့အစည်းမှာ ပါဝင်ဖို့လည်း တော်တော်များများက ရှားပါတယ်” ဟု နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့သော အဆိုပါနှစ်ပတ်လည်နေ့ အခမ်းအနား၌ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် အဖွဲ့၏ရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင် ရွက်ရာတွင် ဒို့တာဝန်အ‌ရေး သုံးပါးကို ဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။

ယင်းကိစ္စရပ်များတွင် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင် ကူညီပေး၍ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြရန် ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။

“မထူးဇာတ် ခင်းတယ်လို့ မြင်ပါတယ်။ ရဲတပ်ဖွဲ့ဝင်ဟောင်း အများစု ၈၀ ရာခိုင်နှုန်း တပ်ဖွဲ့ကို စိတ်ကုန်ပြီး ထွက်တာဖြစ်လို့ တာဝန်ထမ်းဆောင်ရန် သဘောတူဖို့ မဖြစ်နိုင်ပါဘူး” ဟု ရဲတပ်ဖွဲ့တွင် ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် ရဲအရာရှိဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရဲမှုထမ်းဟောင်းများအဖွဲ့တွင် ရည်ရွယ်ချက် လေးရပ်နှင့် လုပ်ငန်းစဉ် ခြောက်ရပ်ရှိပြီး ထိုအတွက် ၅ နှစ်တာကာလ လျာထားစီမံချက်များ ရေးဆွဲထားသလို အဖွဲ့ဝင်အင်အား တောင့်တင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်ဟောင်းများ အားလုံး အဖွဲ့ဝင်ဖြစ်လာစေရေး အဓိကထား စည်းရုံးရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောကြားထားသည်။

စစ်ကောင်စီသည် ထိုအဖွဲ့ကို ဗဟိုဌာနချုပ်ရုံး ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင်အင်အား တိုးတက်ရရှိရေးအတွက် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့သလို တိုင်း/ပြည်နယ်စည်းရုံးရေး ကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီ၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့နှင့် တိုင်း/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီကပေါ့နော်။ သူရဲ့ စစ်သားတွေကလည်း ပြေးတယ်၊ ရဲတွေဆိုလည်း ရခိုင်မှာ ပြေးတာ အများဆုံး။ အဲတော့ အခုလိုလုပ်လာတာက သေချာတယ်၊ သူ့မှာ အင်အားမရှိတော့ဘူး။ အဲဒါကြောင့် စစ်မှုထမ်းဟောင်းတွေကို ပထမဆုံး ပြန်ခေါ်တယ်၊ အခုရဲမှုထမ်းဟောင်းတွေကို ပြန်ခေါ်တယ်။ အင်အားမရှိတော့လို့ ရှိတဲ့အင်အားကို ပြန်ခေါ်သုံးတဲ့ သဘောဖြစ်တယ်” ဟု ရဲတပ်ဖွဲ့တွင် ခြောက်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တိုင်း/ပြည်နယ်အဆင့်မှ မြို့နယ်ရဲမှုထမ်းဟောင်းများ အဖွဲ့ဝင်များအတွက် သာရေး/နာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ ကူညီထောက်ပံ့ရန်အတွက် ရန်ပုံငွေများ ပံ့ပိုးပေးခဲ့သလို ရဲတပ်ဖွဲ့များကလည်း အလျင်းသင့်သလို ရန်ပုံငွေများ ထည့်ဝင်ပေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

“တပ်ဖွဲ့ဝင်ဟောင်းတွေကို အကျိုးခံစားခွင့်တွေ လုပ်ပေးတာမျိုး မရှိပါဘူး။ သာရေး နာရေးတွေမှာ အများစုကတော့ အပါတ်စဥ်တူတာတွေဆို ကူညီတာမျိုးတော့ ရှိကြပါတယ်” ဟု လုပ်သက်ရင့် ရဲအရာရှိဟောင်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #တပ်ဖွဲ့ဝင်အင်အားလိုအပ်ချက် #ရဲမှုထမ်းဟောင်းများ #ပါဝင်ကူညီပေးရန် #စည်းရုံး #Ayeyarwaddy_Times