မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန် ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ လူငယ် လူရွယ်များကို ဖမ်း ဆီးနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဧည့်စာရင်းစစ်ဖမ်းဆီးမှုများရှိနေသည်ဟု စစ်ကောင်စီက ၀န်ခံထား သည်။

စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက လုံခြုံရေးအရ ဧည့်စာရင်းစစ်၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် လက်အောက်ခံ မြ၀တီရုပ်သံမှနေ၍ ပြောဆိုခဲ့သည်။

“လုံခြုံရေး‌တပ်ဖွဲ့၀င်တွေ၊ ရဲတပ်ဖွဲ့၀င်တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်း တာ၀န်ရှိသူတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတို့ လိုအပ်တဲ့စစ်ဆေးမှုများပြုလုပ်ခြင်းကို မြို့ရွာတွေမှာဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ည တစ်ရက်ထဲတွင်ပင် ရန်ကုန်တိုင်းအတွင်းရှိ လူငယ် ရှစ် ဦးကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသွားပြီး လူငယ် ငါး ဦးကို ငွေကြေးရယူကာပြန်လွှတ်ပေး၍ သုံး ဦးကိုမူ စစ်ဆေးရန်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီဘက်က ယင်းသို့ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးရာတွင် ဧည့်စာရင်းမတိုင်သူနှင့် သန်းခေါင်းစာ ရင်းအတိအကျမပြနိုင်သူများကို ခေါ်ယူစစ်ဆေးအရေးယူနေသည်ဟု ဆိုသော်လည်း ဧည့်စာရင်းစစ် ချိန်မဟုတ်ဘဲ လူငယ်အချို့စုဝေးလေ့ရှိသည့် နေရာများကိုပါ ၀င်ရောက်ဖမ်းဆီးမှုများရှိနေကြောင်း သိရ သည်။

“ကျွန်တော်တို့ တောင်ဒဂုံဘက်မှာဆိုရင် ဖူဆယ်ကွင်းက လူငယ်တွေရော အလုပ်ရုံတွေ လွှတ်တဲ့အချိန်တွေပါ စောင့်ပြီး အစုလိုက်ကိုဖမ်းတာ။ အချို့ဆိုရင် နယ်ဘက်က စစ်ကိုင်းဘက်ကတို့ ဘာတို့ရှိတယ်။ မှတ်ပုံတင်က ၅/ ဆိုရင်ရှင်းပေတော့ပေ။ ငွေကြေးယူ ပြီးလွှတ်ပေးတာတွေလည်းရှိတယ်။ ဆက်ဖမ်းခံထားရတဲ့သူတွေလည်း ရှိနေတုန်းပဲ”ဟု ဒဂုံမြို့သစ်တွင်နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန် ပြီးနောက် မြို့နယ်များအတွင်းရှိ လူငယ်လူရွယ်များကို ဖမ်းဆီး၍ ငွေညှစ်တောင်းခံမှုများဆက်တိုက်ပြု လုပ်လာပြီး ဧည့်စာရင်းအကြောင်းပြဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။

ပုံစာ-၂၀၂၃ ခုနှစ် ဇွန်လ အတွင်းက သာပေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးနေစဉ် ၊ စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း

#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #ဧည့်စာရင်းစစ် #လူငယ်များဖမ်းဆီး #ငွေညှစ်တောင်းခံ #Ayeyarwaddy_Times