
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကို တစ်နိုင်ငံလုံးရှိ အဖိနှိပ်ခံပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်းပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းလူငယ်လူရွယ်များကလည်း မတရားမှုကို ခေါင်းငုံ့မခံကြဘဲ ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့က တိုက်တွန်းဖိတ်ခေါ်ခဲ့သည်။
မျိုးချစ်ပအိုဝ်း လူငယ်များသည် ယုတ်ညံ့သော လူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့အား ဒုက္ခပေးသည့် အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘဝမှ လွတ်မြောက်စေရေးအတွက် လျှောက်လှမ်းမှုတွင် သမိုင်းပေးတာဝန်အဖြစ် ခံယူ၍ PNLO/PNLA ထံသို့ လာရောက်ပူးပေါင်းရန် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အလားတူ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ကလည်း ၎င်းတို့၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးသည်နှင့် တပြိုင်နက် လူငယ်များအား အကြောင်းမဲ့ စာရင်းကောက်ခြင်း၊ လူဖျောက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်လာမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
“ဒီဟာက လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ လူထုရန်သူဖြစ်တဲ့ စစ်ကောင်စီက ထုတ်ပြန်တာ ဖြစ်တယ်။ အဲဒီတော့ တရားမဝင်တဲ့ ဥပဒေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒါကို လူထုက ဆန့်ကျင်ရမယ်။ ဒီလိုမတရားတဲ့ အမိန့်အာဏာတွေကို ဆန့်ကျင်ရုံမှတပါး အခြားမရှိပါဘူး” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါဥပဒေကို ၁၃ နှစ်ကျော်အကြာ ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီးနောက် လက်ရှိတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
“ဒီကိစ္စရပ်ပေါ်မှာ လူထုအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဒါကို ဆန့်ကျင်ကန့်ကွက်ဖို့တော့ လိုပါတယ်။မိမိတို့ တတ်နိုင်တဲ့ အင်အားနဲ့ပေါ့နော်။ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်နိုင်ရင်လည်း ပူးပေါင်းဆင်နွှဲပါ။ အဲ့ဒီလို မဟုတ်ရင်လည်း အခြားသော လူထုနည်းလမ်းများနဲ့ ဒီဟာတွေကို ဆန့်ကျင်ဖို့ လိုပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။
စစ်ကောင်စီ အသက်သွင်းလိုက်သော အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ထိုပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုသာမက ပအိုဝ်းလူမျိုးများသည်လည်း တော်လှန်ရေးဘက်ကို ပူးပေါင်းရန်အတွက် စိတ်ဝင်စားမှု များပြားနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက လက်နက်အားကိုး၍ မတရားသဖြင့် ပြဌာန်းလိုက်သော စစ်မှုမထမ်းမနေရ ဥပဒေသည် ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြရန် လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်ဟုလည်း PNLO/PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ အမည်ခံထားသော ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) သည် ထိုကိစ္စရပ်များကို လိုက်နာလုပ်ဆောင်နေသလို ယင်းမတိုင်ခင်ကလည်း ပြည်သူလူထုအပေါ် စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။
“အဲဒီတော့ ပအိုဝ်းပြည်သူ့စစ် ခေါင်းဆောင်တွေကို ကျွန်တော်တို့ ပန်ကြားချင်တာကတော့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ရပ်ဆိုင်းပြီးတော့ တော်လှန်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်တွန်းထားသည်။
စစ်ကောင်စီသည် စစ်အာဏာရှင်ယန္တယား လည်ပတ်ရှင်သန်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ ပြည်သူများကို လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်သွေးခွဲမှုများ အဆက်မပြတ် လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့ကျူးလွန်နေသော စစ်ရာဇာဝတ်မှုများကို ဖုံးဖိနိုင်ရန်၊ အာဏာရှင်စနစ် ရေရှည်တည်တံ့ ခိုင်မြဲစေရန်၊ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းစေရန် ရည်ရွယ်၍ လုပ်ဆောင်နေကြောင်း PNLO/PNLA က ဆိုသည်။
ဓာတ်ပုံ- PNFC ၊ PNLA
ပုံစာ(၁) – PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း
ပုံစာ(၂) – PNLA တပ်ဖွဲ့ဝင်များ
#ပအိုဝ်းပြည်သူတစ်ရပ်လုံး #ပအိုဝ်းလူငယ်လူရွယ်များ #စစ်ကောင်စီ #ပြည်သူ့စစ်မှုထမ်းဥပဒေ #ဆန့်ကျင် #ပအိုဝ်းတပ်ဖွဲ့၂ဖွဲ့ #တိုက်တွန်းဖိတ်ခေါ် #Ayeyarwaddy_Times