
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ယင်းမာပင်ခရိုင် ဆင်ဖြူရှင်တံတားမှနေ၍ ရေကြောင်းဖြင့် ကံကြီးကုန်း ပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါဝင် အခြားအဆင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။
ရိက္ခာလာရောက် ပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကြားဖြတ် စောင့်တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် သင်္ဘောနှင့် ဖလပ်တွဲ ပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ သတင်းအရ ရေလမ်းကြောင်းကနေစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီး တွေဆီကို ရိက္ခာလာပို့တဲ့ ဖလပ်ခွင်မော်တော်ပေါ်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့က သုံးပွင့်နဲ့အရာရှိ မေးရိုးပွင့်သွားတယ်။ အခြားစစ်သည်တွေလည်း ထိခိုက်သွားတယ်” ဟု မုံရွာခရိုင် တပ်ရင်း (၁၂) ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ-၃ ၊ လျှပ်စီးတပ်ခွဲ နှင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်Royal Tiger Force တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများကို ဒုက္ခပေးနေသည် စစ်ကောင်စီတပ်ကို အမြစ်ပြတ် တိုက်ထုတ် သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့စေလိုကြောင်းမုံရွာခရိုင် တပ်ရင်း (၁၂)က ဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့များပူးပေါင်း၍ ဆားလင်းကြီးမြို့တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီး အလုံး ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့
#ကံကြီးကုန်းကျေးရွာ #ရေကြောင်း #ရိက္ခာပို့ #စစ်ကောင်စီတပ် #ကြားဖြတ်တိုက်ခိုက် #အရာရှိ #တပ်သားအချို့ #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times