
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ရက်
ဧရာဝတီတိုင်းအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ လူငယ်များ ယခုရက်ပိုင်းအတွင်း ခရီးမသွားရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ခေါ်ယူသတိပေးတားမြစ်မှုများ လုပ်ဆောင်နေ ကြောင်း ဒေသခံများထံက သိရသည်။
ဧရာဝတီတိုင်းအတွင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လူငယ်များကို ခရီးသွားလာခြင်းများ မလုပ်ဆောင်ရန် သတိပေးနေခြင်း ဖြစ်ကြောင်းသိရသည်။
“အုပ်ချုပ်ရေးမှူးက ခရီးသွားလာတာ မလုပ်ဖို့ ခေါ်ယူသတိပေးနေတာ။ မသိရင် တိုင်းပြည် ပျက်သလိုပေါ့။ ပုသိမ်-ရန်ကုန် ကားလမ်းပိုင်းက ဂိတ်တွေမှာလည်း ဒီရက်ပိုင်း အစစ်အဆေး အရမ်းကြမ်းတယ်။ မှတ်ပုံတင်တွေယူစစ်တယ်။ မှတ်ပုံတင်မပြနိုင်သူတွေကို ပေးမလွှတ်ဘူး” ဟု ပုသိမ်မှရန်ကုန်သို သွားသည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်များမှ ရန်ကုန်မြို့သို့ သွားရောက်ပါက စစ်ဆေးရေးဂိတ် ငါး ဂိတ်မှ ၁၀ ဂိတ်အကြား ဖြက်ကျော်သွားလာရပြီး ဂိတ်တိုင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ် အမည်ခံ ပျူစောထီးအဖွဲ့များ၏ စစ်ဆေးမှုများကို ခံယူရကာ ငွေကြေး ပေးရခြင်းများရှိကြောင်း ခရီးသွားများထံက သိရသည်။
“ရန်ကုန်ကို လမ်းတလျှောက် ပန်လှိုင်ဂိတ်နဲ့ လှိုင်သာယာအဝင် ထန်းတပင်ဂိတ် ကအဆိုးဆုံးပဲ။ မှတ်ပုံတင် မပါတဲ့သူတွေဆိုရင် ဂိတ်မှာထိုင်ခိုင်းထားတယ်။ အကောင်း ဆုံးကတော့ ဒီရက်ထဲမှာ လူငယ်လူရွယ်တွေ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားတာ တွေမလုပ်သင့်ဘူး။ မဖြစ်မနေ ခရီးသွားရမယ်ဆိုရင်တော့ ငွေသာများများ ဆောင်သွား။ ဂိတ်တွေမှာ ပိုက်ဆံပေးရတာအရင်လို ငါးရာ ၊ တစ်ထောင်နဲ့ မရတော့ဘူး” ဟု ပုသိမ်မှ ရန်ကုန်သို့ ခရီးသွားသူက ဆိုသည်။
ပုံစာ-မအူပင်မြို့အဝင်ဂိတ်အား တွေ့ရစဉ်
#ဧရာဝတီတိုင်း #ရပ်ကွက်နှင့်ကျေးရွာများ #လူငယ်များ #ယခုရက်ပိုင်း #ခရီးမသွားရန် #အုပ်ချုပ်ရေးမှူးများ #သတိပေးတားမြစ် #Ayeyarwaddy_Times