မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်၍ စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် စစ်မှု ထမ်းဆောင်ရမည့် လူငယ်များစာရင်း မြို့နယ်အချို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်မှုထမ်းဆောင်မည့်သူများကို ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းပြီးနောက် ပြည်သူ့စစ်မှုထမ်း ဆောင်နိုင်မည့် အသက်အရွယ်အပိုင်းအခြားရှိသော လူဦးရေစာရင်းများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဆောင်ရန်အတွက် ထွက်ပေါ်လာသည့် စာရင်းများတွင် နေပြည်တော်ရှိ ဥတ္တရသီရိ မြို့နယ်တစ်ခုတည်းမှာပင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားနှင့် အသက် ၁၇ နှစ်မှ ၂၇ နှစ်ကြားရှိ အမျိုးသမီးဦးရေ စုစုပေါင်း ၅,၀၀၀ နီးပါးရှိကြောင်း သိရသည်။

စစ်ကောင်စီရုံးစိုက်ရာ နယ်မြေ နေပြည်တော်မြို့နယ် တွင်ရှိသည့် ကျေးရွာအုပ်စု ၁၀ စုရှိ စစ်မှုထမ်းဆောင်ရမည့် လူငယ်စုစုပေါင်း နှစ်သောင်းကျော်ရှိနေပြီး ဥတ္တရသီရိမှစ၍ ဇလောင်း၊ တောင်ငူ၊ မိုးဆွေစသည့် ရပ်ကွက်ချုပ်စာရင်းများပါ စုစည်းထားပြီး ရပ်ကွက် အလိုက် စစ်မှုထမ်းရမည့်သူများကို ခေါ်ယူလက်မှတ် ထိုးခိုင်းတော့မည်ဖြစ်ကြောင်း ထွေအုပ်ရုံးနှင့်နီးစပ်သူထံက သိရသည်။

“စာရင်းတွေကတော့ ဆိုင်ရာရပ်ကွက်ရုံးတွေဆီရောက်နေပြီ။ လူငယ်တွေကိုလည်း စစ်မှုထမ်းဆောင် ပါမည်အကြောင်း ခံ၀န်လက်မှတ်ထိုးခိုင်းပြီး ထွက်ပြေးရင် မိသားစုထဲကတစ်ယောက်ကို ဖမ်းမယ်လို့‌ပြောတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရန်ကုန်၊ မန္တလေးအပါအ၀င် စစ်ကောင်စီ အုပ်ချုပ်ခွင့်ရ နယ်မြေများတွင် စစ်မှုထမ်းရန်ဆင့် ခေါ်နိုင်သော စာရင်းကို သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးအဖွဲ့များထံ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညပိုင်းကလည်း စစ် ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံ မြ၀တီရုပ်သံမှ တစ်ဆင့် “စစ်မှုထမ်းရန်အကျုံး၀င်သည့် လူငယ် ၁၄ သန်းရှိနေပြီး လူငယ် ၂၀၀ လျှင် တစ်ဦးနှုန်း စစ်မှုထမ်းရန်ခေါ်ဆောင်မည်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ယခုနှစ်အတွင်း လူငယ် ၆၅,၀၀၀ ၀န်းကျင်ကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားမည်ဖြစ်ပြီး ဧည့်စာရင်းစစ် ဖမ်းဆီးနေသည့်ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေး ပိုင်းတာ၀န်ရှိသူများက ဧည့်စာရင်းစစ်ဆေးခြင်းကို လုပ်ဆောင်လျက်ရှိပါသည်ဟု ၀န်ခံပြောဆိုထားသည်။

ယင်းသို့ ဖမ်းဆီးမှုများ ပြုလုပ်ရခြင်းမှာ တော်လှန်ရေး တပ်ဖွဲ့များကို အကြမ်းဖက်ဟုရည်ညွှန်းပြီး ၎င်းတို့ ၀င်လာသည့်ရန်မှ ကာကွယ်ရန်နှင့် ဧည့်စာရင်းမတိုင်သူ၊ အိမ်ထောင်စုစာရင်းမပြနိုင်သူများနှင့် သန်းခေါင်စာရင်းအတွင်းမပါ၀င်သည့်သူများကို အရေးယူနေခြင်းဖြစ်ပြီး အကျိုးအကြောင်းဆီလျော်သူများကို ပြန်လွှတ်ပေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။

စစ်အင်အား အပြင်းအထန်လိုအပ်လျက်ရှိသည့် စစ်ကောင်စီက စစ်မှုထမ်းဥပ‌ဒေပြဋ္ဌာန်း၍ တပ်သားသစ် စုဆောင်းမှုကို ဧပြီလအတွင်း လုပ်ဆောင်သွားမည်ဟု တရား၀င်ပြောဆိုပြီးနောက် ယခုကဲ့သို့ စစ်မှုထမ်းရန် လူစာရင်းအတိအကျကို ဆိုင်ရာမြို့နယ်များသို့ အလျင်အမြန် ပို့ဆောင်နေကြောင်း သိရသည်။

ပုံစာ-နေပြည်တော် မြို့နယ်များရှိ ရပ်ကွက်အလိုက် လူငယ်များစာရင်း၊ ၂၀၂၁ အာဏာသိမ်းပြီးနောက် လူငယ်များကို ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များကိုတွေရစဉ်

#စစ်ကောင်စီ #စစ်မှုထမ်းဥ‌ပဒေ #လူငယ်စာရင်း #အုပ်ချုပ်ရေးရုံးရောက်ရှိ #Ayeyarwaddy_Times