
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
ရခိုင်ပြည်နယ် မြို့ တော်စစ်တွေတွင် မဆုတ်တမ်းခံစစ်ပြင်ထားသည့် စစ်ကောင်စီက ဆုတ်ခွာစစ်စတင် ပြင်ဆင်လျက်ရှိပြီး ဆုတ်ခွာစစ်အတွက် ဖျက်သင်္ဘောများကိုပါ အသင့်အနေအထားဖြင့်ပြင်ဆင် ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မဆုတ်တမ်းခံစစ်ပြင် ဆင်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး မြို့အတွင်းတွင် သံချပ်ကာကား၊ တင့်ကားများဖြင့် လှည့်လည်၍ အာဏာပြခဲ့သည် စစ်ကောင်စီသည် ယခုဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ ဆုတ်ခွာစစ် စတင်ပြင် ဆင်နေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် (AA) သည် စစ်တွေမြို့ပတ်လည်ရှိ နယ် မြေများကို ထိန်းချုပ်စိုးမိုးမှုရယူထားပြီးနောက် စစ်ရေးကို စစ်တွေသို့ဦးတည်ထားချိန်တွင် စစ်ကောင်စီ က ဆုတ်တမ်းခံစစ်မှနေ၍ ခွာစစ်ကိုစတင်လာကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရန်ကုန်-စစ်တွေ-ပုဏ္ဏားကျွန်းဆက်သွယ်ထားသည့် မင်းချောင်း တံတားနှင့် ကျောက်တော်-စစ်တွေ-ရန်ကုန်ဆက်သွယ် ထားသည့် ကစ္ဆပနဒီတံတားတို့ကို စစ်ကောင်စီက ဖျက်ဆီးခဲ့ပြီး စစ်တွေသို့ ဆက်သွယ်နေသည့် လမ်း ကြောင်းများကို ဖြတ်တောက်လိုက်ကြောင်း သိရသည်။
ထို့အပြင် ယခုဖေဖော်ဝါရီလထဲတွင်ပင် စစ်ကောင်စီ ၏ တပ်မိသားစု၀င်များနှင့် ၎င်းတို့ပိုင်အိမ်စီးကားများ နှင့် ဌာနဆိုင်ရာကားများကို ရန်ကုန်သို့ သင်္ဘောများဖြင့် ရွှေ့ပြောင်းခဲ့ကြပြီး အရပ်ဘက်ဆိုင်ရာ၀န်ကြီး များလည်း ရန်ကုန်နှင့် နေပြည်တော်သို့ပြောင်းရွှေ့သွားကြောင်း သိရသည်။
ထိုသို့ပြောင်းရွှေ့မှုများလုပ်ဆောင်ပြီးနောက် ကျောက်ဖြူဓည၀တီရေတပ်ဌာနရှိ ဖျက်သင်္ဘောနှင့် တိုက်ခိုက် ရေးသင်္ဘောအချို့ကို အသင့်အနေအထား ပြင်ဆင်ထားကြောင်း သိရသည်။
“ထွက်ပေါက်ပိတ်သွားရင် ရေကြောင်းကနေပြေးဖို့ အကုန်အသင့်ပြင်ထားတာကို တွေ့ရတယ်။ ဒီတစ်ခါ ဖျက်သင်္ဘောကအစ ပြင်ထားတယ်။ ကျောက်တော် ဖြစ်စဉ်လို သင်္ဘောအနှစ်ခံရပြီး ရေနစ်ကုန်မှာစိုးလို့ ဖျက်သင်္ဘောပြင်ထားတာလို့ သိထားတယ်။ တပ်မိသားစု၀င်နဲ့ အရာရှိမိသားစု၀င်တွေအကုန်နီးပါး ရန်ကုန်ရောက်သွားပြီ” ဟု ရေတပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီ၏ စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ ဒကစ) သို့ လက်နက်ချ အညံ့ခံရန် စာပို့ထားပြီး ယခုဖေဖော်ဝါရီလအထိ အချိန်ပေးမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
“ပထမက စစ်တွေကို နောက်ဆုံးခံစစ်ဆိုပြီး စစ်တွေမှာရှိတဲ့ ဝါဘိုကျေးရွာတို့ ပုဏ္ဏာကျွန်းထဲက အိုင်ဒင်၊ ကွမ်းတောင်၊ တံပတ်ကျွန်း၊ ပဒေသာရွာတို့ကို ကာကင်းစခန်းလုပ်ပြီး အခိုင်အမာတည်ဆောက်ထားတာ။ အခုလိုဆိုရင် အောက်ခြေကခံစစ် အထက်က ဆုတ်ခွာစစ်ဖြစ်နေပြီ”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက မြို့တော်စစ်တွေရှိ (၃၅၄) တပ်ရင်း၊ အမှတ် (၁၂) ရဲတပ်ရင်း၊ BMB မိုင်းရှင်းလင်းရေးတပ်နှင့် အမြောက်တပ်များတွင် ရဲမေများကို သေနတ်ပစ်လေ့ကျင့်ခိုင်းကြောင်း သိရသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) သည် စစ်တွေမြို့နယ် အတွင်းရှိ လွှတ်တော်အဆောက်အဦများနှင့် ထောက်ပို့၊ ဆေးတပ်နှင့် ခြေလျင်တပ် တစ်တပ်သာရှိသည့် ရေချမ်းပြင်ဘက်ကိုပါ စစ်ရေးပြင်ဆင်လာပြီး ရေချမ်းပြင်မှတစ်ဆင့် မြိုတော်စစ်တွေရှိ ဒကစသို့ စစ်ရေးရောက်လာနိုင်သည်ဟု စစ်ရေးလေ့လာသုံး သပ်သူတစ်ဦးက ဆိုသည်။
ပုံစာ-စစ်ကောင်စီတပ်စစ်သင်္ဘောနှင့် စစ်တွေတွင်အင်အားပြခဲ့သည့် စစ်ကောင်စီတင့်ကားတို့ကို တွေ့ရစဉ် (ပုံဟောင်း)
#စစ်တွေမြို့ #မဆုတ်တမ်းခံစစ် #စစ်ကောင်စီ #ဆုတ်ခွာစစ်ပြင် #Ayeyarwaddy_Times