ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ဘုရားကြီးကျေးရွာမှ ဒေသခံအမျိုးသား သုံးဦးသည် အလုပ်မှနေအိမ်သို့ပြန်လာစဉ် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရကာ မိသားစုဖြင့်အဆက်အသွယ်ပြတ်တောက်နေကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။

ပုသိမ်မြို့၊ ဘုရားကြီးကျေးရွာမှ အသက် ၂၅နှစ်အရွယ် ဝန်းကျင်အမျိုးသား သုံးဦးအား ဖေဖော်ဝါရီလ၁၃ရက်ည၁၀နာရီခွဲခန့်က အလုပ်မှနေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ ရွာထဲက အလုပ်ပြန်လာတဲ့ကောင်လေးသုံးယောက်အဖမ်းခံရတယ်။ ည၁၀နာရီ ဆိုတော့ စစ်တပ်တွေနဲ့တွေ့ပြီးပါသွားတာဖြစ်မယ်။ အခုရွာထဲက လူငယ်လေးတွေ အကုန်လန့်နေတယ်”ဟုဘုရားကြီးကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံထားရသူမျာူသည် လက်ရှိအချိန်အထိ မိသားစုဖြင့်အဆက်အသွယ်ပြတ်တောက်နေကာ မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုမသိသေးကြောင်း ဒေသခံများထံကသိရသည်။

“ အခုထိဘယ်ကိုဖမ်းခေါ်သွားလဲမသိဘူး။ ပေါ်တာအဆွဲခံရတာလား ဘာမှန်းကိုမသိဘူးဖြစ်နေတယ်။ လိုက်စုံစမ်းကြည့်တာလည်းအဆက်အသွယ်ပြတ်နေတယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ၁၀ရက်နေ့က စစ်မှုမထမ်းမနေရဥပဒေပြဌာန်းခဲ့ပြီးနောက်
ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင် စာရင်းကောက်ယူမှုများရှိနေကြောင်း သိရသည်။

#စစ်ကောင်စီ #ပုသိမ်မြို့ #ဘုရားကြီးကျေးရွာ #ဒေသခံအမျိုးသား(၃)ဦး #မိသားစုနှင့်အဆက်အသွယ်ပြတ်နေ #Ayeyarwaddy_Times