ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် x-ray စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်းမနိုဘယ်အေးကို စစ်ကောင်စီက ပစ်သတ်ခဲ့သည့်အတွက် သေဆုံးခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးထံက သိရသည်။
မနိုဘယ်အေးနှင့်အတူ ဖမ်းဆီးခံရသည့် ကိုလေးခွင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က ဝေါမြို့နယ် တရားရုံးမှ ရုံးထုတ်ပြီးအပြန် ကျိုက်လတ်ရွာအရောက်တွင် ကိုလေးခွင်းဆိုသူ အမျိုးသားကို စစ်ကောင်စီက ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ် ခဲ့ကြောင်းသိရပြီး မနိုဘယ်အေးကိုမူ မည်သည့်နေ့ မည်သည့်နေရာတွင် သတ်ဖြတ်ခဲ့ကြောင်း သိရခြင်းမရှိဘဲ သေဆုံးကြောင်းသာ အတည်ပြုနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ ဘာပြောလို့ပြောရမှန်းမသိဘူး။ အတည်ပြုလာပြီး မှန်တယ် ဆိုတဲ့သတင်းကိုကြားရတဲ့အချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ အဲ့ဒီလောက်ထိကို စိတ်အရမ်းထိခိုက်နေတယ်ဗျ။ ပြောချင်တာကတော့ စစ်ကောင်စီကို မိသားစုသိအောင် အတည်ပြုဖို့နဲ့ ပြည်သူကိုချပြဖို့ လိုအပ်တယ်လို့ပြောချင်ပါတယ်။ ကျွန်တော့အစ်မကကျန်းမာရေးလဲကောင်းတာမဟုတ်ဘူး။ သေသလား ရှင်သလား ဆိုတာ တခြားက အတည်ပြု ပြောပြတာပဲရှိတာ” ဟု မနိုဘယ်အေး၏ မောင်ဖြစ်သူ ကိုထက်မြက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မနိုဘယ်အေးသေဆုံးကြောင်းကို ယခုအချိန်အထိ မိသားစုကို အကြောင်းကြား အတည်ပြုခြင်းမရှိဘဲ နီးစပ်ရာသတင်းရင်းမြစ်များထံမှသာ သိရသည့် အတွက် စစ်ကောင်စီအနေဖြင့် တရားဝင် အတည်ပြုအကြောင်းကြား၍ ထုတ်ပြန်ပေးရန် မနိုဘယ်အေး၏ မိသားစုဝင်က တောင်းဆိုထားသည်။
စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးနှင့် အမျိုးသားတစ်ဦးတို့ကို လက်နက်များ သယ်ဆောင်လာသည်ဟုဆိုကာ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ပြီးနောက် မနိုဘယ်အေးမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်ခဲ့သည်။
မနိုဘယ်အေးသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင်တစ်ကြိမ် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရကာ ကိုဗစ်ကာလ ပရဟိတလုပ်ငန်းများတွင်လည်း တက်ကြွစွာကူညီ ဆောင်ရွက် ပေးခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မနိုဘယ်အေး #နိုင်ငံရေးအကျဉ်းသူ #စစ်ကောင်စီပစ်သတ် #သေဆုံး #ညောင်ခါးရှည်စစ်ဆေးရေးဂိတ် #Ayeyarwaddy_Times