
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ရက်
ရခိုင်ပြည်နယ်၊ မောင်တောတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ တပ်စခန်း ငါးခုကို AA က ထိန်းချုပ်ရရှိကာ ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်(AA) သည် မောင်တောရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၁၅ရက်နေ့ နံနက်ပိုင်းတွင် တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ မောရဝတီဗျူဟာ၊ ဗောဓိကုန်းစခန်း၊ အလယ်သံကျော်နယ်မြေစခန်း၊ နှုရှ်လာစခန်းနှင့် ဂေါ်ဒူသာရစခန်းတို့ကိုသိမ်းပိုက် ရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မောရဝတီဗျူဟာနှင့် ဗောဓိကုန်းစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးအပါအဝင် တပ်သား ၄၀ကျော်ကို AA က ဖမ်းဆီးရမိထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“မနေ့ကနဲ့ ဒီနေ့မနက်တိုက်ပွဲထဲမှာ ဒုဗိုလ်မှူးကြီးအဆင့်တစ်ဦးနဲ့ ၄၀ကျော်ကို AAဖမ်းဆီးရမိသွားတယ်လို့သိထားတယ်။ ဘူးသီးတောင်နဲ့ မအီကတပ်တွေလည်း ဆုတ်ခွာခွင့်တောင်းပြီး မနေ့ကတည်းက စရွှေ့နေတယ်လို့ သိထားပါတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကလည်း ၎င်းတို့စခန်းများ မကျစေရေးအတွက် အပြင်းအထန်ကာကွယ်လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာနှင့် အနီးပတ်ဝန်းကျင်ရွာများကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်၊ MI 35တိုက်လေယာဉ်ဖြင့် ငါးကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မောင်တော၊ နတ်မြစ်အတွင်းရှိ စစ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် မောင်တော နယ်ခြားစောင့်စခန်း နခခ-၅ မှနေ၍ အတွဲလိုက် ဒုံးကျည်များဖြင့် အကြိမ် ၂၀၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် (AA)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့၊ ၅ရက်နှင့် ၆ရက်နေ့များကလည်းမောင်တောရှိ တောင်ပြိုလက်ယာဗျူဟာနှင့် တောင်ပြိုလက်ဝဲဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တောင်ပြိုလက်ဝဲမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် မောင်တောမြို့နယ်အတွင်းတွင် ရဲတပ်ရင်း အချို့နှင့် စစ်ကောင်စီတပ်စခန်းအချို့ ကျန်ရှိနေပြီး (AA) က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
#မောင်တောမြို့ #စစ်ကောင်စီစခန်း #AA #သိမ်းပိုက်ထိန်းချုပ် #စစ်ကောင်စီတပ်ဖွဲ့ဝင် #၄၀ကျော်ဖမ်းဆီး #Ayeyarwaddy_Times