
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှုနှင့်အတူ နိုင်ငံခြားဝင်ငွေ ရရှိမှုနည်းပါးနေသဖြင့် ပြည်တွင်းရှိငွေကြေးတတ်နိုင်သူများ ကုန်ထုတ် လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံရန်လိုအပ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယမန်နေ့က ပြောကြားသည်။
တိုင်းနှင့်ပြည်နယ်တို့တွင် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် အရင်းအနှီးလိုအပ်သဖြင့် ငွေကြေးတတ်နိုင်သူများနှင့် စီးပွါးရေးလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်က ဆိုသည်။
” စီးပွားရေးလုပ်ငန်းတွေက ဘယ်သူ့မှမကောင်းကြဘူး။ စစ်ကောင်စီနဲ့ပတ်သက်သူတွေပဲအလုပ်ဖြစ်တာ။ နိုင်ငံရေးအခြေအနေနဲ့ ဘာမှ စလုပ်လို့မရဘူး။ တစ်ခုရှိတာ အရှုံးခံနိုင်ရင်တော့လုပ်ပေါ့။ ပိုက်ဆံပေါနေတဲ့သူဆိုရင်။ အခုလုပ်နေကြတဲ့သူတွေအကုန်က ရှိတာမှေးလုပ်နေရတာ။ လုပ်ငန်းအသစ် ဘယ်သူမှမစရဲဘူး ” ဟု အသေးစားစီးပွားရေးလုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ထို့ပြင် ပြည်တွင်းရင်းနှီးမြှတ်နှံမှု တိုးမြင့်ရေးနှင့် ပို့ကုန်တိုးမြှင့်ထုတ်နိုင်ရန်အတွက် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများက အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ( MSMEs) လုပ်ငန်းများတွင်ပါဝင်ပြီး စွန့်ဦးတီထွင်သူများအဖြစ်လုပ်ကိုင်နိုင်ကြောင်း စစ်ကောင်စီလူကြီးများက လှုံ့ဆော်နေကြသည်။
စွန့်ဦးတီထွင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများဆောက်ရွက်နိုင်ရန် Start Up Center ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဟု ဒေါက်တာကံဇော်က ဆိုသည်။
စစ်ကောင်စီသည် ပြင်ပနိုင်ငံများရှိ သက်ဆိုင်ရာမြန်မာသံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများကို နိုင်ငံအလိုက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ အလုပ်သမားစေလွှတ်မှုဆိုင်ရာကိစ္စများဆောင်ရွက်ပြီး စီးပွားရေးမြှင့်တင်ရန် ပြောကြားကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပြည်တွင်းရင်းနှီးမြှပ်နှံရန် #စစ်ကောင်စီ #ဒေါက်တာကံဇော် #Ayeyarwaddy_Times