အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေ အတည်ပြုပြီး ခြောက်ရက်တွင်း ပတ်စပို့စ်ရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အယောက် တစ်ထောင်နီးပါးရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုပြီးနောက် ဟားခါးမြို့ရှိ ပတ်စပို့ရုံးတွင် နေ့စဥ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အယောက် တစ်ရာကျော်ခန့်ထိ ရှိပြီး ခြောက်ရက်တွင်း အယောက် တစ်ထောင်နီးပါးရှိကြောင်း ပတ်စပို့စ်ရုံးနှင့် နီးစပ်သူထံက သိရှိရသည်။

“နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ထဲမှာ မြို့တွင်းက မိန်းကလေး၊ ယောကျာ်းလေး လူငယ်ပိုင်းတွေ ပိုများတယ်။ ချင်းပြည်နယ် အခြားမြို့တွေကနေ လာရောက်လျှောက်တဲ့ လူငယ်တွေလည်း တစ်ရက်ထက် တစ်ရက်ပိုများလာတယ်။ လာလျှောက်တဲ့ လူတွေ မနက်စောစောကတည်းက တန်းစီနေရတယ်” ဟု ပတ်စပို့ စ်လျှောက်ထားသူတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တစ်ဦးလျှင် ငွေကျပ်တစ်သိန်း မှ နှစ်သိန်း ကျပ် အထိပေးဆောင်နေရကြောင်း သိရသည်။

ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်မှလွဲ၍ ကျန်သည့် မြို့နယ်အားလုံးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအောက်တွင် တည်ရှိနေသေးသောကြောင့် မိဘများနှင့် လူငယ်များသည် စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်ပူပန်နေကြခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်(မရာ)၊ ချင်းကာကွယ်ရေးတပ်(အရှို)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့သည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် လူငယ်များအနေဖြင့် စစ်အာဏာရှင် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

#ဟားခါးမြို့ #စစ်ကောင်စီ #ပတ်စပို့စ်ရုံး #နိုင်ငံကူးလက်မှတ် #Ayeyarwaddy_Times