အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည် ကျောင်းသူ၊ကျောင်းသားများကို စစ်တွေမြို့တွင် ဖြေဆိုနိုင်ရန် စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားများ အားလုံးရပ်ဆိုင်းသွားကာ စာသင်ကျောင်းများလည်း ပိတ်ထားရသောကြောင့် လာမည့်မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာစစ်ဋ္ဌာနလည်း ဖွင့်လှစ်နိုင်တော့မည် မဟုတ်၍ ကျောင်းသူ၊ ကျောင်းသားများ အခက်တွေ့နေရကြောင်း သိရှိရသည်။

“ပလက်ဝက ကျောင်းသူ၊ ကျောင်းသားတွေ လာမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်ဖို့အတွက် စစ်တွေမှာ စာစစ်ဋ္ဌာန ဖွင့်ပေးမယ်လို့ ပြောပါတယ်။ ပြည်မဘက်ကနေ ပလက်ဝမြို့ကို ကျောင်းလာတက်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း သူတို့နဲ့ နီးစပ်တဲ့ မြို့ကြီးတွေမှာ စာမေးပွဲ ဖြေဆိုနိုင်ဖို့အတွက်ပါ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။”ဟု ပလက်ဝမြို့မှ အထက်တန်းပြ ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့မှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရန် စစ်တွေမြို့နှင် အခြားမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွင်လည်း စာမေးပွဲ ဖြေဆိုနိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

ပလက်ဝမြို့တွင် အခြေခံပညာ အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) ပေါင်း ၄၂ ကျောင်းရှိပြီး စာစစ်ဋ္ဌာန သုံးခုမှ နှစ်စဥ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသူ၊ ကျောင်းသား တစ်ထောင်ကျော်ထိ ရှိကြောင်း သိရသည်။

#ချင်းပြည် #ပလက်ဝ #တက္ကသိုလ်ဝင်တန်းစာမေးပွဲ #စစ်တွေ #Ayeyarwaddy_Times