
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြုပြီးနောက် ပြည်ပ ထွက်ခွာသူ များပြားလာကာ အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံသို့သွားရောက်ရန် ဗီဇာလျှောက်ထားသူ များပြားသဖြင့် အရေအတွက်ကန့်သတ်ခဲ့ပြီး ဆိုက်ရောက်ဗီဇာ ၁၄ ရက်ကိုမူ ပုံမှန်အတိုင်း ခွင့်ပြုပေး နေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိထိုင်းနိုင်ငံသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အရေအတွက်များ ပြားသောကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်ပြီး တစ်ရက်လျှင် ဗီဇာလျှောက်သူ လူဦးရေ ၄၀၀ သာလက်ခံမည်ဖြစ်ပြီး တန်းစီစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်သည်။
သံရုံးဖွင့်ချိန် နံနက် ၉ နာရီတွင် ဗီဇာလျှောက်လွှာစတင်လက်ခံမည်ဖြစ်ပြီး နံနက် ၈ နာရီ၃၀မိနစ်တွင် ဗီဇာလျှောက်မည့်သူနှင့် Passport တိုက်ဆိုင်စစ်ဆေး၍ တိုကင် နံပါတ်ပေးမည်ဖြစ်ကာ နံပါတ်တစ်ခုလျှင် လူတစ်ဦးသာအကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုကင် နံပါတ်ကို အလွဲသုံးစားပြုလုပ်ခြင်း (သို့မဟုတ်) အတုအပပြုလုပ်ပါက ဗီဇာလျှောက်ထားခွင့်ပိတ်ပင် (BlackList) ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။
“ထိုင်းနိုင်ငံကိုအလည်သွားပြီးတော့ ၁၄ ရက်ထက်ပိုနေမယ်ဆိုရင် ဗီဇာလိုတယ်။ ထိုင်းသံရုံးက ရန်ကုန်မှာပဲရှိတော့ နယ်ကလူတွေထိုင်းကို သွားဖို့ဆိုရင် ပွဲစားနဲ့ပဲ ဗီဇာ လျှောက်ကြတယ်။ တချို့ပွဲစားတွေကို အပ်ပြီးတော့ ဗီဇာမရဘဲ အလိမ်ခံရ တာရှိတယ်။ အခုတော့ ဗီဇာလျှောက်မယ့်သူကိုယ်တိုင်ကိုပဲ တိုကင်ပေး မယ်လို့ဆိုတယ်။ ပွဲစားနဲ့မရ တော့ဘူးထင်တယ် ” ဗီဇာဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဗီဇာလျှောက်လွှာမတင်ခင် လျှောက်လွှာတင်မည့်သူနှင့် တိုကင်နာမည်စာရင်း ပေးထားသူ၏ ပတ်စပို့စ် ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးပြီးမှသာ ဗီဇာလျှောက်လွှာကို လက်ခံမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လိုသူများ ထိုင်းနိုင်ငံတွင်နေထိုင်မည်ဆိုပါက နှစ်ရှည် နေထိုင်ခွင့် ဗီဇာလိုအပ်ပြီး Long term Resident Tourist Visa ၊ Non Immigrant B Visa ၊Transit Visa နှင့် Medical Tourist Visa အမျိုးအစားများလျှောက်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားကို ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ဗီဇာ ၁၄ ရက်ကို ပေးထားကြောင်း သံရုံးထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ယမန်နေ့မနက်ပိုင်းက ထိုင်းသံရုံးရှေ့တွင် ဗီဇာလျှောက်ရန် တန်းစီစောင့်ဆိုင်းနေသူများ
#ထိုင်းသံရုံး #ဗီဇာကန့်သတ် #၁ရက်လူ၄၀၀ #Ayeyarwaddy_Times