ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၃ လကြာတိုက်ပွဲအပြီး စစ်ကောင်စီတပ်များ အခြေပြုအုပ်ချုပ်နေသည့် မြို့နယ် ၆ မြို့နယ်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(အေအေ)မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သုံးလတာစစ်ဆင်ရေးအပြီး ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ရမ်းဗြဲကျွန်းတွင်လည်း တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်နေကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ပြီး ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောင်မြို့များရှိ ရက္ခိုင့်တပ်တော်(အေအေ)၏ တပ်စခန်းများကို စစ်ကောင်စီတပ်က ကြီး၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းထန်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ရေကြောင်းနှင့် လေကြောင်းမှ လက်နက်ကြီးများနှင့် ပစ်ခတ်ခံရမှုအများဆုံးမြို့မှာ ရမ်းဗြဲမြို့ဖြစ်ပြီး ဒုတိယအများဆုံးမြို့မှာ ရသေ့တောင်မြို့ဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မောင်တောင်မြို့၊ ဗောဓိကုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စိတပ်ရဲ့ ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော်(အေအေ)မှ သိမ်းယူနိုင်ဖို့ နံနက် ၆ နာရီ ၂၀ မှစတင်ကာ ထိုးစစ်ဆင်နေပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်က အဆိုပါစခန်း မကျစေရေးအတွက် ကြီး၊ ရေ၊ လေ တပ်များပူးပေါင်းကာ အပြင်းထန်ခုခံမှုများပြုလုပ်နေသည်ဟုဆိုသည်။

ဒါ့ပြင် ရသေ့တောင်မြို့တွင်လည်း ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

#ရခိုင် #ချင်း #သုံးလ #စစ်ကောင်စီတပ် #ရက္ခိုင့်တပ်တော် #အေအေ #မြို့နယ်သိမ်းပိုက် #Ayeyarwaddy_Times