ဧရာဝတီတိုင်းမ်
(ရှားတော)၊ ဖေဖော်ဝါရီ ၁၅ ရက်

ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းကုန်းများနှင့် ဗျူဟာကုန်း တို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁၅ ရက်နေ့ကစတင်ကာ တစ်လ နီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ရှားတောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီ‌ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။

ရှားတောမြို့ကို တစ်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်‌အောက်ခံ ခမရ-၄၂၈ တပ်ရင်း၊ ခလရ-၂၄၉ တပ်ရင်း၊ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်ကာ ရှားတောမြို့ရှိ စစ်ကောင်စီ ခမရ-၄၈၂ တပ်ရင်းမှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထားသည့် အန္တရာယ်ကွေ့စခန်းကုန်း နှစ်ကုန်း၊ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဘုရားစေတီများကိုအကာကွယ်ယူကာ ခံစစ်ပြင်ထားသည့် ဗျူဟာကုန်းစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းကို ပိတ်ဆို့ထားစဉ်ကာလတွင် စစ်ကောင်စီတပ်ဖွဲ့များကို ဘက်ပြောင်းခိုလှုံကြရန်၊ လက်နက်ချရန် ဖိတ်ခေါ်ခဲ့‌သော်လည်း လက်နက်ချရန်ငြင်းဆိုခဲ့‌ကြောင်းသိရသည်။

ထို့ပြင် ဗျူဟာကုန်းစခန်းကို ခလရ-၂၄၉တပ်ရင်းမှ ရဟတ်ယာဉ် သုံးစီးဖြင့် အင်အား ၇၀ ကျော်ကို ထပ်မံပို့ဆောင်ခဲ့သော်လည်း အဆိုပါ စစ်ကူစစ်ကြောင်းအား အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဗျူဟာစခန်းကုန်းကို ရရှိခဲ့ပြိး ရှားတောမြို့အား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။

တစ်လတာနီးပါးကြာသည့် ရှားတောမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun သုံးလက်၊ Jammer Gun တစ်လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ရှားတောမြို့သိမ်း တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် သုံး ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ ကျဆုံးခဲ့ရကြောင်း လည်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက တိုက်လေယာဉ်များ၊ ဂျက်ဖိုက်တာများ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ ၂၀၅ ကြိမ်နှင့်အထက် လာရောက်တိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးများအသုံးပြုခဲ့သည့်အတွက် ရှားတောမြို့မှ နေအိမ် ၄၅ လုံးနှင့်အထက် မီးလောင်ကျွမ်းခဲ့ရကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း စစ်အာဏာရှင်များ၏ လူတစုကောင်းစားရေးကို ဦးတည်သည့် ‌အာဏာရှင်အထောက်အပံ့များအဖြစ် ရပ်တည်ခြင်းမပြုပဲ ပြည်သူဘက်သို့ ဘက်ပြောင်းကြရန်လည်း KNDF ကတိုက်တွန်းထားသည်။

ဓာတ်ပုံ – KNDF
#ရှားတော #စစ်ကောင်စီ#မြို့သိမ်းတိုက်ပွဲ #KA #KNDF #PDF #Ayeyarwaddy_Times