
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
ကိုရီးယားနိုင်ငံမှ အလုပ်သမားများကိုတိုးချဲ့ခေါ်ယူရာတွင် အမျိုးသမီးများအတွက် အခွင့်အရေးရရှိလာကာ ကိုရီးယားဘာသာစကားအရည်အချင်းစစ် စာမေးပွဲဖြေဆိုပြီး (EPS – TOPIK ) ကိုရီးယားနိုင်ငံရှိ ဝန်ဆောင်မှုကဏ္ဍတွင် မြန်မာနိုင်ငံမှအမျိုးသမီးများ အလုပ်လုပ်ခွင့်ရပြီးဖြစ်ကြောင်း အစိုးရပြင်ပအလုပ်အကိုင်အေဂျင်စီ( POEA – EPS) က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံရှိ အလုပ်သမားများကို ခေါ်ယူရာတွင် ယခင်က အမျိုးသားများသာခေါ်ယူခြင်းဖြစ်သော်လည်း ယခုနှစ်တွင် အမျိုးသမီးလုပ်သားကို ပထမဦးဆုံးအနေဖြင့် ခေါ်ယူကာဘာသာစကား ဖြေဆိုခွင့်ရခြင်းဖြစ်သည်။
ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲကို ဧပြီလတွင်ဖြေဆိုရမည်ဖြစ်ပြီး အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း စာမေးပွဲကို မေလတွင်ဖြေဆိုရမည်ဖြစ်ကာ အပြီးသတ်အောင်စာရင်းကို ဇွန် နှင့် စက်တင်ဘာလတွင် ကြေညာမည် ဖြစ်ကြောင်းသိရသည်။
လုပ်ငန်းအမျိုးအစားတွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ပါဝင်ပြီး အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်း ရှိရမည်ဖြစ်ကြောင်း ပါဝင်သည်။
အဆိုပါကဏ္ဍလေးမျိုးထဲမှ ဝန်ဆောင်မှုကဏ္ဍတွင် အမျိုးသမီးများ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ပညာ အရည်အချင်းအနေဖြင့် အနည်းဆုံးအခြေခံပညာ အထက်တန်း ပြီးမြောက်ရမည်ဖြစ်ကြောင်းသိရသည်။
ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုအရည်အချင်း level- ၃ အဆင့်ထက်ရှိသူ အမျိုးသမီးများအနေဖြင့် ဘာသာစကားစာမေးပွဲနှင့် အရည်အချင်းစာမေးပွဲ ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲ အပြီးသတ်စာမေးပွဲများ အောင်ရမည်ဖြစ်ကာ တစ်ခုအောင်ပြီး တစ်ခုကျ၍ မရကြောင်း ကိုရီးယားဘာသာကျွမ်းကျင်သူဆရာတစ်ဦး ထံက သိရသည်။
“ကိုရီးယားစာ အခုမှသင်မယ်ဆို မမီဘူး။ ဒါပေမယ့် မိန်းကလေးတွေက ဘာသာစကားစိတ်ဝင်စားကြတယ်။ ကိုရီးယားစာသင်မယ့် မိန်းကလေးဆိုရင် မိန်းကလေးတွေက သွက်တော့ သူတို့လိုက်နိုင်မယ်ဆိုရင် ကြိုးစားမယ်ဆိုရင်ရမယ်။ ကိုရီးယားဘာသာစကားကို ၂ လထဲတော့ အခြေခံသင်ပြီးသားဖြစ်ဖို့ ကြိုးစားဖို့လိုတယ်။ EPS ဖြေဖို့က ဖတ်စာအုပ်နှစ်အုပ်ကျက်ရမယ်။ အာလုံးအခန်း ၅၀ ပါတယ်။ အဲဒါကြေညက်ရင်တော့အောင်မယ်” ဟု ကိုရီးယားဘာသာကျွမ်းကျင်သူဆရာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲပုံမှန်ရှိနေပြီး ကိုရီးယားနိုင်ငံတွင်လုပ်သား လိုအပ်ချက်ရှိနေကာ အမျိုးသမီးများအနေဖြင့် ဘာသာစကားဖြေဆိုခွင့်နှင့်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင်လုပ်ကိုင်ခွင့် ၈၀ ရာခိုင်နှုန်းခန့် ဆက်လက်ရရှိနိုင်ကြောင်း ကိုးရီးယားဘာသာ စကားကျွမ်းကျင်သူ ဆရာတစ်ဦးက ပြောကြားသည်။
ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သားများကိုစတင်ခေါ်ယူချိန်တွင် မြန်မာအစိုးရဘက်က အမျိုးသမီးများကိုစေလွှတ်ခြင်းမရှိဘဲ အမျိုးသားများကိုသာ စေလွှတ်ရန်သဘောတူညီခဲ့ပြီးနောက် ၁၄ နှစ်အကြာတွင် အမျိုးသမီးများလုပ်ကိုင်ခွင့်ရရှိခြင်းဖြစ်သည်။
မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံအနေဖြင့် တရားဝင်အလုပ်သမားစေလွှတ်ရေးအတွက် ၂၀၁၀ ပြည့်နှစ်က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းရှိလူငယ်များ ပြင်ပထွက်အလုပ်လုပ်ကိုင်သူများပြားလာပြီး ထိုင်း၊ ဂျပန်၊ စင်ကာပူနှင့် ဒူဘိုင်းနိုင်ငံများထံ ရွှေ့ပြောင်းအလုပ်လုပ်သူများလာကြောင်း သိရသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်မည်ဟု ထုတ်ပြန်ထားသော်လည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြင်ပထွက်ခွာခွင့်၊လေဆိပ်များတွင် စိစစ်တားဆီးခြင်း၊ ကန့်သတ်ချက်များမရှိဘဲ ယခင်အတိုင်းသွားလာ၊ ဝင်ထွက်ခွင့်ရှိကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဓာတ်ပုံ-Myanmar Embassy, Seoul
ပုံစာ-ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာလူငယ်များ ( ၃၁ ဇန်နဝါရီ ၂၀၂၄ )
#ကိုရီးယားနိုင်ငံ #ဝန်ဆောင်မှုကဏ္ဍ #ပထမဆုံးခေါ်ယူ #မြန်မာနိုင်ငံအမျိုးသမီးများ #အလုပ်လုပ်ခွင့်ရမည် #epstopik #Ayeyarwaddy_Times