ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၅ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်အတွင်း လှုပ်ရှားနေသော ဧရာဝတီတော်လှန်တပ်ဦး (ARF)မှ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးရမိပြီးနောက်ပိုင်း ကျန်အဖွဲ့ဝင်များကိုဖုန်းဆက်ခိုင်းကာ ထောင်ချောက်ဆင်ဖမ်းဆီးမှုများပြုလုပ်နေကြောင်းARF တာ ဝန်ရှိသူထံက သိရသည်။

“ဖမ်းဆီးခံထားရသူက စစ်ပိုင်(ခေါ်)ကိုပြည့်ရှန်အောင်ပါ ပဲခူးတိုင်းဘက်ကနေအိမ်တစ်အိမ်မှာ စစ်တပ်ရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့်စစ်ပိုင်ကတော့ခြေထောက်ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတယ်”ဟု ဧရာဝတီတော်လှန်တပ်ဦး (ARF)တာ၀န်ရှိသူမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

စစ်ပိုင်(ခေါ်)ကိုပြည့်ရှန်အောင်သည် ARF အဖွဲ့ဝင်တစ်ဦးနှင့်အတူ ခရီးသွားရာ ဇန်နဝါရီလ ၂၆ရက်နေ့ ညပိုင်းက ပဲခူးတိုင်း ၊ပန်းတောင်းမြို့ နယ်၊သူရဲတန်းအုပ်စု၊ဒေါင်းဒိုက်ကျေးရွာရှိ နေအိမ်တစ်အိမ်သို့ရောက်နေစဥ် စစ်ကောင်စီသတင်းပေးများ၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်များက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ ၀င်ရောက်ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ကိုစစ်ပိုင်ကိုသေနတ်ဒဏ်ရာဖြင့်ဖမ်းမိခဲ့ပြီး တစ်ဦးထွက် ပြေးလွတ်မြောက်ခဲ့သော်လည်း ယနေ့ချိန်ထိ အဆက်အသွယ်မရသေးကြောင်း ARF တာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များက စစ်ပိုင်(ခ)ကိုပြည့်ရှန်အောင်ကိုဖမ်းဆီးပြီး ဖုန်းဆက်ခိုင်းကာ ARF အဖွဲ့ဝင်များအားအလင်းဝင်ရန် စည်းရုံးခိုင်းခြင်း ၊ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းများကိုပြုလုပ်နေပြီး အဖွဲ့၀င်တစ်ချို့ဖမ်းဆီးခံရမှုများရှိနေကြောင်း သိရှိရသည်။

“အဖွဲ့၀င်တွေကိုဖုန်းဆက်ခိုင်းတဲ့အပြင် မိသားစု၀င်တွေကိုပါ လိုက်ဖမ်းပြီး အကြပ်ကိုင်တာတွေ လုပ်တယ်။ ခုချိန်ထိစစ်ကောင်စီဖမ်းဆီးခံရသူ ARFအဖွဲ့၀င် ခုနှစ်ဦးထိရှိနေပြီ”ဟုဧရာဝတီတော်လှန်တပ်ဦး (ARF)တာ၀န်ရှိသူမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ရက်နေ့က ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တွင် PDF လေးဦး အလင်းဝင်ပွဲပြုလုပ်ရာတွင် ပါ၀င်သူများမှာ ARFအဖွဲ့၀င်များဖြစ်ပြီး မိသားစုများကိုဖမ်းဆီးအကြပ်ကိုင်ကာ အဖမ်းခံခိုင်းပြီး နောက် အလင်း၀င်သည်ဟု ဝါဒဖြန့်ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် ARF နှင့် ပတ်သတ်သည်ဟုစွပ်စွဲပြီး မြန်အောင်မြို့နယ်မှ CDM ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်ဆုမို့မို့ဇော်အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဒေသခံများကပြော သည်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသည့် ဒေသခံများနှင့် ARF အဖွဲ့ဝင်များ၏ အခြေအနေကို မသိရသေးသည့်အတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ၊ ထောင်ချောက်ဆင်ဖမ်း ဆီးမှုများထပ်မံပြုလုပ်လာနိုင်သဖြင့် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း ARF တာဝန်ရှိသူက တိုက်တွန်းပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တို့တွင် ဟင်္သာတခရိုင်၊ ရခိုင်ရိုးမအတွင်း ဧရာဝတီတော်လှန်တပ်ဦးARF နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား နှစ်ရက်ဆက် ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦး အပါအ ဝင် လေးဦး သေဆုံးခဲ့သည်။

ဓာတ်ပုံ – ဖမ်းဆီးခံထားရသည့် ARF အဖွဲ့ဝင် စစ်ပိုင်(ခ)ကိုပြည့်ရှန်အောင်