ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ရက်

စစ်ကောင်စီ၏ အမာခံတပ်ရင်း သုံးရင်းသာကျန်ရှိတော့သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၄ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော် (AA) က ရသေ့တောင် မြို့နယ်ရှိ စစ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၅ လက်အောက်ခံ ခမရ (၅၃၆)၊ ခမရ (၅၃၇)၊ ခမရ (၅၃၈) တပ်ရင်း သုံးရင်းသာကျန်ရှိတော့ပြီး ကျန်သည့် စစ်ကောင်စီတပ်စခန်းအားလုံးကို AA ကတိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်သိမ်းယူ နိုင်ခဲ့သည်။

ထို့အပြင် ရသေ့တောင်ရှိ ရေစိုးချောင်းဗျူဟာကို ဇန်နဝါရီလ ၁၄ရက်နေ့က သိမ်းယူခဲ့ပြီး အခြားစစ်စခန်းများဖြစ်သည့် စေတီပြင်နှင့် အမျက်တောင်မှ စစ်ကောင်စီတပ်သား များသည်လည်း စခန်းကိုစွန့်ခွါထွက်ပြေးပြီး ဘူးသီးတောင်နှင့် မောင်တောရှိ စစ်စခန်း များတွင် သွားရောက်ပူးပေါင်းခဲ့ကြသည့်အတွက် ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီ ၏ ခမရ-၅၃၆၊ ခမရ-၅၃၇ ၊ ခမရ ၅၃၈တပ်ရင်းတို့သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ခမရ-၅၃၆ မှာလည်း ပေါက်တော မြို့သိမ်းတိုက်ပွဲအတွင်း အသေ အပျောက်များပြီး အင်အားလျော့နည်းသွားသည့်အတွက် စစ်ကောင်စီက ၎င်းတို့ စခန်းများ မကျရေးအတွက် လေကြောင်းမှ လာ‌ရောက် ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များသို့ ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က စတင်၍ ဂျက်တိုက် လေယာဉ်များဖြင့် တစ်စီးပြီးတစ်စီး မရပ်မနား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ကောင်စီသည် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ် ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေ မြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများမှာ ယမန်‌နေ့ ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေပိုင်းမှ စတင်ကာ မရပ်မနားဆက်တိုက်ပစ်ခတ်တိုက်ခိုက်၍ ရသေ့တောင်မြို့ရှိ ၎င်းတို့၏ စခန်း များအား အသည်းအသန်ခုခံကာကွယ်လျက်ရှိ‌ပြီး ယနေ့ဖော်ဝါရီ ၁၅ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်လျက် ရှိကြောင်း သိရသည်။

#ရသေ့တောင် #စစ်ကောင်စီ #ခမရ၅၃၆ #ခမရ၅၃၇ #ခမရ၅၃၈ #AA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times