နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအတည်ပြုပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များထံသို့ စစ်သင်တန်းတက် ရောက်ရန် ဒေသအသီးသီးမှ လူငယ်အများအပြားဝင် ရောက်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PDF တပ်ရင်း၊ တပ်ဖွဲ့များဖြစ်သည့် ရန်ကုန်တိုင်းစစ်ဌာန ၊ ကျားသစ်နက်စစ်ကြောင်း (BLack panther Column) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF၊ ဗမာ့လွတ်လပ်ရေး ဒီမိုကရက် တစ်တပ်ဦး (BLDF)၊ပြည်သူ့ကာကွယ်ရေးတပ်(ဟင်္သာတခရိုင်) PDF တပ်ရင်း၊ ဧရာဝတီတော်လှန်ရေးတပ်ဦး(ARF) ၊ ကျားဖြူစစ်ကြောင်း(ATC) ၊ ၊တောကျီးကန်း စစ်ကြောင်း PDF တပ်ရင်း ၊ ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စသည့် စစ်ကောင် စီကို တော်လှန်နေသည့် အဖွဲ့အစည်းများက တော်လှန်ရေး တပ်သားသစ်များ ခေါ်ယူ လျက်ရှိပြီး လျောက်ထားသူ များပြားလျက်ရှိကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF)တပ်ဖွဲ့ထံသို့ တော်လှန်ရေးတပ်သားသစ်အဖြစ်ဝင်ရောက်လာသူ ၂၀၀ ဦးခန့် ရှိနေပြီး အခြားအခြားသော စစ်ဒေသတပ်ရင်းတပ်ဖွဲ့များထံသို့လည်း တော်လှန်ရေး ရဲဘော်သစ်များ အများအပြားဝင်ရောက်လာနေကြောင်းသိရသည်။

“ကျွန်တော်တို့ BLDF လူမှုကွန်ရက် စာမျက်နှာကနေ လူသစ်ခေါ်ယူမှု သတင်း ထုတ်ပြန်ပြီးလို့ ၁ ရက်ပဲ ကြာတယ်။ အင်အား ၂၀၀ ခန့် တော်လှန်ရေး တပ်ဖွဲ့ထဲ ဝင်ရောက်လာတာရှိတယ်။ တကယ်တန်းကြတော့ စစ်ကောင်စီရဲ့ မတရား အာဏာ သိမ်းမှုအောက်မှာ မနေချင်ကြတဲ့သူများတယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန် ရေးမှာ လက်နက်ကိုင်တော်လှန်မှုတွင်မပါဝင်နိုင်ပေမယ့် မြန်မာနိုင်ငံထဲမှာရှိတဲ့ ပြည်သူ အများစုက အခုချိန်ထိ တော်လှန်ရေးတပ်ဖွဲတွေ ကိုသူတို့တတ်နိုင်တဲ့ဘက်က ကူညီဖေးမ မှုတွေရှိတယ်” ဟု BLDF တပ်ဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အတူ NUG လက်အောက် ရန်ကုန်တိုင်းစစ်ဌာနရှိ တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနက တပ်သားသစ်ခေါ်ယူခဲ့ရာ နာရီပိုင်းအတွင်း ထောင်နှင့်ချီ လျှောက်ထားခဲ့ကြပြီး ၄၈ နာရီအတွင်း မျှော်မှန်းအရေ အတွက် ပြည့်မီလုနီးပါးရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အသိပေးထားသည်။

“ပြည်သူ့စစ်မှုထမ်း ဥပဒေကို မိဘပြည်သူတွေရော၊ လူငယ်တွေရော ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ကန့်ကွက်ကြပါ။ စစ်ကောင်စီဟာ တရားမဝင်အဖွဲ့အစည်းဖြစ်တာမို့ သူက ထုတ်တဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြရမယ့် အချိန်ပါ။ စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးချ မခံဘဲ တော်လှန်ရေး အဖွဲ့အစည်းတွေကို ဆက်သွယ် ဝင်ရောက်ကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု BLDF တပ်ဖွဲ့ မှ ရဲဘော်ဂျွန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူတိုက်ပွဲဝင်ရန် ကျား/မ ပါဝင်နိုင်ပြီး အသက် (၁၈) နှစ်မှ (၃၅) အောက်ရှိရမည်ဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ပြင်းထန်သော စစ်ရေးလေ့ကျင့် မှုများတွင် ပါဝင်လိုက်ပါဆောင်ရွက်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်မှုတာဝန်အား တော်လှန်ရေးပြီးဆုံးသည်အထိ အဆင့်ဆင့်ပေးအပ်သော တာဝန်ကို ကျေပြွန်စွာထမ်းဆောင်နိုင်သူဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (လုံးဝ) မဖြစ် စေရဟု တပ်သားသစ်ခေါ်ယူသည့် ကြေညာချက်တချို့တွင် ဖော်ပြထားပြီး တော်လှန်ရေး တပ်ဖွဲ့များ ထံဝင် ရောက်လာသူများပြားလျက်ရှိကြောင်း သိရသည်။

တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များထံသို့ ပြည်နယ်နှင့် တိုင်းအဆင့်ဆင့်ရှိ တပ်ရင်း တပ်ဖွဲ့များမှ ဝင်ရောက်လာသူအများအပြားရှိနေပြီး လုံခြုံရေးအနေ အထားကြောင့် ဝင်ရောက်လာသူအင်အား တပ်ရင်းတပ်ဖွဲ့နေရာများ တည်နေရာ ဖော်ပြမှုကို လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ-BLDF .

#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #တော်လှန်ရေးတပ်ဖွဲ့များ #တော်လှန်ရေးတာဝန်ထမ်းဆောင် #တပ်သားသစ် #လျောက်ထားသူများပြား #Ayeyarwaddy_Times