ဧရာဝတီတိုင်းမ်
(ဂန့်ဂေါ)၊ ဖေဖော်ဝါရီ ၁၅ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း(ပျူရွာ)မှ စစ်ကြောင်းထိုးလာသည့် ပျူစောထီးများနှင့် စစ်ကောင်စီတပ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ‌ သင်တောရွာနှင့် ရွှေဘိုရွာများသို့ ‌စစ်ကြောင်းထိုးကာ ဒေသခံ ၁၀ ဦးကို အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သေဆုံးသူများကို ပြောက်ကျားဝတ်စုံ ပြောင်းလဲ ဝတ်ဆင်ထားခဲ့ကြောင်း ABSDF Colum-3 ထံက သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ စစ်ကြောင်းထိုးနေစဉ် ဖမ်းဆီးခဲ့သည့် အသက် ၃၀ မှ ၄၀ အရွယ်ကြားရှိ ဒေသခံ ကိုး ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျန်တစ်ဦးမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ‌ကျန်ဒေသခံ လေး ဦးကိုလည်း မြောက်ခင်ရန်းရွာအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့ရသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ ဦးပြူသာ၊ ဦးဌေးအောင်၊ ဦးမောင်နိုင်သ၊ ဦးဖိုးသေးနောင်၊ ဦးသက်လွင်၊ ဦးဘိုသန်း တို့ ခုနစ် ဦးဖြစ်ပြီး ရွှေဘိုရွာမှ ဦးတိုးလွင်နှင့် ဦးမျိုးသန့်တို့ နှစ်ဦး ဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းထိုးဝင်ရောက်တဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ တိုက်ပွဲတွေကြားထဲမှာ ပြည်သူတစ်ဦးကတော့ ဘယ်ဘက်ကလာလို့လာမှန်းမသိတဲ့ ကျည်ထိမှန်ပြီး သေဆုံးသွားတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ စစ်တပ်ကနေ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်။ အဲ့ဒီမှာ အလောင်း ၇ လောင်းက တစ်နေရာမှာ သတ်ခံရတာဖြစ်တယ်။ ကျန်တဲ့ နှစ်လောင်းက တစ်နေရာမှာအသတ်ခံလိုက်ရတာဖြစ်တယ်” ဟု ABSDF Colum-3 ပြန်ကြားရေးတာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း မြောက်ခင်ရန်းရွာမှ စတင်ထွက်လာချိန်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ခြောက် ဦးဝန်းကျင် ထိခိုက်ခဲ့ကြောင်း ABSDF Colum-3 ထံက သိရသည်။

“များသောအားဖြင့် လူလတ်ပိုင်းတွေကို သတ်ဖြတ်သွားတယ်။ စစ်ကောင်စီတပ်က ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာရှိပါသေးတယ်။ ညနေပိုင်းမှာတော့သူတို့ မနက်ကထွက်လာခဲ့တဲ့ မြောက်ခင်ရန်းရွာထဲကိုပြန်ဝင်သွားတယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆက်လက်ပြောသည်။

မြောက်ခင်ရန်းကျေးရွာသည် ပျူစောထီးတပ်ဖွဲ့ဝင် အင်အားကောင်းသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ယောPDFတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးနှိပ်စက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း အလံဖြူထောင်ကာ လက်နက်ချရန်ပြောသည့် ဟံသာဝတီကျေးရွာ(ပျူရွာ)မှ ဘုန်းကြီးကျော်လွှားကို မြောက်ခင်ရန်းကျေးရွာသို့ ပင့်ဆောင်ကာ သတ်ဖြတ်ခဲ့ပြီး အလောင်းကို ဟံသာဝတီရွာသို့ ပြန်ပို့ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဓာတ်ပုံ – ABSDF COLUM-3
#မြောက်ခင်ရန်း #စစ်ကောင်စီ #ပျူစောထီး #ဒေသခံ #အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ #Ayeyarwaddy_Times