
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းမှ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။
မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းသို့ ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီသည် လေကြောင်းမှ လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို ဖြည့်တင်းနေ ကြောင်း သိရှိရသည်။
“စစ်ကောင်စီ ကုန်တင်လေယာဥ်ကနေ အထုတ် ၁၀ ထုတ်ခန့်ကို ခလရ ၂၇၄ တပ်ရင်းထဲ လာချပေးသွားတာ ဖြစ်ပါတယ်။ လက်နက်ခဲယမ်းနဲ့ ရိက္ခာအထုတ်တွေ ဖြစ်မယ်။ မင်းတပ်မြို့ တိုက်ပွဲတွင်း ကုန်းကြောင်းကနေ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တာမျိုးမရှိတော့ လေကြောင်းကနေ အခုလိုဖြည့်တာ ဖြစ်မယ်”ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အဆိုပါ အထုပ်များကို ကုန်တင်လေယာဥ်မှ လေထီးဖြင့် လာရောက်ပစ်ချသွားပြီး ၎င်းအထုပ်များသည် နှစ်မိုင် ကန်ကြီးဥယာဥ်နှင့် သုံး မိုင်ကြားတွင် ကျရောက်ပြီး တစ်ချို့သည် ခလရ ၂၇၄ တပ်ရင်းထဲရှိ ထင်းရှူးပင်များတွင် အထုပ်များတင်နေကြောင်း သိရှိရသည်။
ပြီးခဲ့သည် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းနှင့် ချင်းလဲန်းကာကွယ်ရေးတပ် (မင်းတပ်) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲတွင်း လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို လေကြောင်းမှ ပြန်လည်ဖြည့်တင်ပေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မင်းတပ်မြို့နယ်တွင် နှစ်လကျော်ကြာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်မူများကြောင့် ဇန်နဝါရီလတွင်း လူနေအိမ် ခုနှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၇၃) နှစ်အရွယ် အဖွားအို တစ်ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ-HKL MINDAT 2014
#မင်းတပ် #စစ်ကောင်စီ #လေကြောင်း #လက်နက်ခဲယမ်း #Ayeyarwaddy_Times
Bo