မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် စစ်စခန်းမှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလာသည့် စစ်ကောင်စီနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၃၃၀ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ရန် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက သင်္ဘောပေါ်သို့ တင်ဆောင်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီး Aaduzzaman Khan Kamal သည် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးလာသည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့၀င် ၃၃၀ ဦးကို ပြန်လည်ပို့ ဆောင်မည်ဟု ပြီးခဲ့သည့်ဖေဖော်ဝါ ရီ ၁၃ ရက်နေ့က ပြောဆိုခဲ့ပြီးနောက် ယနေ့ နံနက် ၆ နာရီ(ဘင်္ဂလားဒေ့ရှ်စံတော်ချိန် )ခန့်တွင် ဘင်္ဂလားပင်လယ်အော် ကော့်ဘဇားရှိ Ukaiya ရေတပ် ဆိပ်ခံတံတားမှနေ၍ အဆိုပါတပ်ဖွဲ့ဝင်များကို သင်္ဘောပေါ်သို့ တင်ပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့က ရက္ခိုင့်တပ်တော် AA မှ ရခိုင်-ဘင်္ဂလား‌နယ်စပ်ရှိ စစ်ကောင်စီ၏ တောင် ပြိုလက်ယာနှင့် တောင်ပြိုလက်ဝဲစခန်းတို့ကို ၀င် ရောက်တိုက်ခိုက်ချိန်တွင် အဆိုပါနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များ ဘင်္ဂလားနယ်ထဲသို့ ၀င်ရောက်ထွက်ပြေးသွားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင်လည်း AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နယ်ခြား စောင့်တပ်ဖွဲ့များသည် နိုဘီဟူးဆောင်း ခေါင်းဆောင်သည့် ARA အဖွဲ့၏အကူ အညီကိုယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထပ်မံထွက်ပြေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ကောင်စီတပ်ဖွဲ့၀င်များကို ၎င်းတို့ထွက်ပြေးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်မှစ၍ အစောင့်အရှောက်များနှင့် ကာကွယ်ပေးထားပြီး ဆေး ကုသမှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုလို ပြန်လည်ပို့ဆောင်ခြင်း ခံရသည့်တပ်ဖွဲ့၀င်များကို စစ်ကောင်စီဘက်က မည်သည့်နေရာတွင် လက်ခံမည့် အကြောင်းကိုမူ နှစ်ဘက်စလုံးက ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။

ပုံစာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ်

#ရခိုင် #ဘင်္ဂလားဒေ့ရှ် #စစ်ကောင်စီ #နယ်ခြားစောင့်တပ်ဖွဲ့ဝင် #၃၃၀ပြန်ပို့ #Ayeyarwaddy_Times