
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
အာဏာသိမ်း စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့များ တွေ့ဆုံမှုတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ တက်ရောက်ခြင်းမှာ ရှုပ်ထွေးနေသော ကာလဖြစ်၍ PPST ကိုယ်စားပြုမှုနှင့် ပုဂ္ဂိုလ်ရေးအရဖြစ်ကြောင်းပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ထံက သိရသည်။
စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အပစ်ရပ် ခုနစ် ဖွဲ့တို့ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံရာ၌ အပစ်ရပ်အဖွဲ့များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် PNLO ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ခွန်တီးလားတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ရှုပ်ထွေးနေတဲ့ ကာလဖြစ်လို့ သူတို့ပုဂ္ဂိုလ်ရေးအရ တက်တာပါ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာက NCA စတင်ဖော်ဆောင်ကတည်းက ပါဝင်လာတဲ့ ပုဂ္ဂိုလ်ဖြစ်နေတဲ့ အတွက် ကြောင့် PPST ကိုယ်စားလှယ်အနေနဲ့ သွားတက်တယ်လို့ ကြားရပါတယ်။ ဒုတိယ တာဝန်ခံကတော့ နာယကကြီး အထောက်အကူအနေနဲ့ သွားတယ်လို့ ယူဆရတယ်။ သူက ပေါ်လစီပိုင်းဆိုင်ရာမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ပုဂ္ဂိုလ်ပါ“ ဟု PNLO ဗဟို ကော်မတီဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ် ၊ ၎င်း၏လက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) နှင့် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) မဟာမိတ်အဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီနှင့် ယခုကဲ့သို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ တွေ့ဆုံခဲ့မှုသည် ရှုပ်ထွေးနေသော ကာလ ဖြစ်သောကြောင့် PNLO ၏ မူဝါဒနှင့် ကိုက်ညီသည်ဟု ပြော၍မရသလို ဆွေးနွေးမှု များသည်လည်း PNLO သဘောထား မပါကြောင်း ဗဟိုကော်မတီဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ရှုပ်ထွေးနေတဲ့ ကာလဖြစ်တော့ မူနဲလဲ ကိုက်ညီတယ်လို့ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်းမှာ ပြည်သူပိုင် သာသနိက အဆောက်အအုံနဲ့ နေအိမ်တွေကို စစ်ကောင်စီက စစ်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေတဲ့အချိန်နဲ့ တထပ်တည်းကျနေခြင်းကြောင့် ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO အနေဖြင့် ဖိနှိပ်မှု ကင်းစင်သည်အထိ ညီနောင်မဟာမိတ်များနှင့်အတူ လက်တွဲ၍ ပအိုဝ်းဒေသတခုလုံး တန်းတူရေးရရှိရန်အတွက် လုံးပန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပအိုဝ်းဒေသဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLO/PNLA နှင့် မဟာမိတ်အဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီနှင့် နေ့စဉ်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ၊ မွန်ပြည်သစ်ပါတီ(NMSP) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တွေ့ဆုံရာတွင် ယင်းတို့အကြား နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်ပြီး အဖွဲ့အစည်းများ၏ သဘောထားများ၊ အကြံပြုချက်များကို ဆွေးနွေး ညှိနှိုင်းကြသည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့အပြင် တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကိုရှေးရှု၍ လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန်၊ ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် အရပ်သား ပြည်သူများကို အကာအကွယ်ပေးရေးနှင့် အကူအညီအထောက်အပံ့များ အမြန်ဆုံးရ ရှိရေး ပဋိပက္ခတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသို့ စစ်ကောင်စီနှင့် အပစ်ရပ် ခုနစ် ဖွဲ့က တိုက်တွန်းကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #အပစ်ရပ်အဖွဲ့များတွေ့ဆုံပွဲ #ဗိုလ်မှူးကြီးခွန်ဥက္ကာ #PPST ကိုယ်စားပြု #ပုဂ္ဂိုလ်ရေးအရ #PNLOသဘောထားမပါ #Ayeyarwaddy_Times