ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ရက်

ရခိုင်နှင့် ပလက်ဝဒေသတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးနှင့် အရှင်ဖမ်းဆီးရမိသည့် တပ်မမှူး၊ ဗျူဟာမှူးများကို ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်းတွင် (AA) က ထုတ်ပြန် ကြေညာခဲ့သည်။

တိုက်ပွဲများအတွင်း အရှင်ဖမ်းဆီးရမိသော တပ်မမှူး၊ ဗျူဟာမှူးများအပြင် ဒဏ်ရာရရှိထားသည့် သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံစဉ် ပါလာသူများထဲမှ ဒဏ်ရရရှိထားသူများကိုလည်း ဆေးဝါးများဖြင့် အကောင်းဆုံးကုသပေးထား‌ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းနှင့် တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်းတို့ကို အရှင်ဖမ်းဆီးရမိကာ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ဗျူဟာမှူး ဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ကိုမူ အသေဖမ်းဆီးရမိပြီး တပ်မမှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေကိုမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေနစ်မြုပ် ဟု အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

AA ဆေးတပ်ဖွဲ့ဝင်များ ဆေးဝါးကုသမှုပေးခဲ့သောသူများအထဲတွင် ဒု-ဗိုလ်မှူးကြီး ညီညီဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းသည် ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဖြစ်ကာ ဇန်နဝါရီလ ၁၆ရက်နေ့၌ ၎င်းအားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေပြီး ယခုအချိန်တွင် ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီ ဖြစ်‌ကြောင်း AA က ထုတ်ပြန်ထားသည်။

တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း/ ၃၁၅၁၄ ကိုမူ ကယ်ဆယ်ချိန်မရဘဲ ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်‌ေကြာင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်‌နေ့များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့သည့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ၊ အသက် (၅၁) နှစ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး အားလည်း ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်။

ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သည့် စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကိုမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောင်း AA က ဆိုသည်။

ရက္ခိုင့်တပ်တော် AA က စစ်ဘက်၊ ရဲဘက်စခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသောသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထား‌ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချ အညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့် လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား လျက်ရှိပြီး လက်နက်ချ အညံ့ခံစဉ် ပါလာသော ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများ ကိုလည်း အတူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်ဟု ဆိုသည်။

ထို့အတူ အခြားသော စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သောသူများ၏ အသက်နှင့်ခန္ဓာ ကိုလည်း AA၏ ဆေးဘက် ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားခဲ့ပြီးဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- AA Info Desk
#ရခိုင် #ပလက်ဝ #AA #စစ်ကောင်စီ #ဖမ်းဆီးရမိ #တပ်မမှူး #ဗျူဟာမှူး #Ayeyarwaddy_Times