
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းနှင့် တွေ့ဆုံခဲ့သော စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအနေဖြင့် ပါတီနိုင်ငံရေး လှုပ်ရှားမှုရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပါတီမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) တို့ဖြင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အဆိုပါ နိုင်ငံရေးပါတီများထံက သိရသည်။
စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီတို့သည် ယမန်နေ့က နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်မှုနှင့် ထောက်ခံမှု၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်တို့ကို နိုင်ငံရေးပါတီများက ဆွေးနွေးတင်ပြကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
“အဲဒီကို ကျွန်မမသွားဘူး၊ ကျွန်မတို့ဆီက ဒုဥက္ကဋ္ဌသွားတာ။ ဒီနေ့က ဆက်ရှိသေးတယ်လေ။ ရွေးကောက်ပွဲကော်မရှင်တို့ ပြီးတဲ့အခါကျရင် ငြိမ်းချမ်းရေးအဖွဲ့တို့ဘာတို့နဲ့ အဲဒါနဲ့ ဆက်ဆွေးနွေးရမယ်ဆိုတော့ မနက်ဖြန်လောက်မှ ပြန်လာရမှာ။ သူလာမှ မေးရမှာ” ဟု ဒီမိုကရက်တစ်(မြန်မာ)ပါတီ ဥက္ကဌ ဒေါ်သန်းသန်းနုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်စစ်ခေါင်းဆောင်ဟောင်း ပြဌာန်းခဲ့သည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို စစ်ခေါင်းဆောင်က ၎င်း၏ တပ်အင်အား အရေးပေါ် လိုအပ်ချက်အတွက် အသက်သွင်းကာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိတွင် ထိုဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ထို့အပြင် စစ်ခေါင်းဆောင်သည် ၎င်းကိုယ်တိုင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းတချို့ကို တစ်နှစ်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ဖြေလျော့ပေးခဲ့သည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ဒီမိုကရက်တစ်(မြန်မာ)ပါတီ ဥက္ကဌ ဒေါ်သန်းသန်းနုက “လောလောဆယ်က ကျွန်မတို့လည်း ပီပီပြင်ပြင် မသိရသေးဘူးလေ။ ဒီအချိန်မှာ မှတ်ချက်ရဖို့လည်း မသင့်တော်သေးဘူးလို့ ထင်ပါတယ်။ အခုမှစပြီးတော့ ဥပဒေက အတည်ဖြစ်တယ်ဆိုပြီး ပြောတဲ့အခါကျတော့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ခဏတော့ စောင့်ကြည့်ရဦးမယ်” ဟု ပြောသည်။
အဆိုပါ နိုင်ငံရေးပါတီများသည် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ပါတီရုံးများဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ခေါင်းဆောင်ကလည်း ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီးဖြစ်ကာ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေး လှုပ်ရှားမှုရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီ ယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိကအရေးကြီးဆုံး ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #နိုင်ငံရေးပါတီများ #နိုင်ငံရေး #ဆောင်ရွက်ရန်လိုအပ် #Ayeyarwaddy_Times